ရှေး​လူ​ကြီး​တို့​၏​ထုံး​တမ်း​စဉ်​လာ​များ
(မာ၊ ၇:၁-၁၃။)
၁၅
၁ ထို​အ​ခါ​ယေ​ရု​ရှ​လင်​မြို့​မှ​ဖာ​ရိ​ရှဲ​များ​နှင့် ကျမ်း​တတ်​ဆ​ရာ​များ​သည်​သ​ခင်​ယေ​ရှု​ထံ တော်​ကို​ရောက်​လာ​ကြ​၏။- ၂ သူ​တို့​က ``အ​ရှင်​၏​တ​ပည့်​များ​သည်​အ​ဘယ် ကြောင့်​ရှေး​လူ​ကြီး​တို့​၏​ထုံး​တမ်း​စဉ်​လာ​များ ကို​မ​လိုက်​နာ​ကြ​ပါ​သ​နည်း။ သူ​တို့​သည်​နည်း မှန်​အ​တိုင်း​လက်​မ​ဆေး​ဘဲ​စား​သောက်​ကြ​ပါ သည်​တ​ကား'' ဟု​လျှောက်​ထား​ကြ​၏။
၃ ကိုယ်​တော်​က ``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဘု​ရား သ​ခင်​၏​ပ​ညတ်​တော်​တို့​ကို​ပစ်​ပယ်​၍ မိ​မိ​တို့​၏ ထုံး​တမ်း​စဉ်​လာ​များ​ကို​လိုက်​နာ​ကြ​ပါ​သ​နည်း။- ၄ ဘု​ရား​သ​ခင်​က `သင်​၏​မိ​ဘ​ကို​ရို​သေ​မြတ်​နိုး လော့။ မိ​ဘ​ကို​ကျိန်​ဆဲ​သော​သူ​သည်​သေ​ဒဏ်​ခံ​စေ' ဟု​ပ​ညတ်​တော်​မူ​ခဲ့​၏။- ၅ သို့​ရာ​တွင်​သင်​တို့​သွန်​သင်​ကြ​သည်​ကား​ဤ​သို့ တည်း။ အ​ကယ်​၍​လူ​တစ်​ယောက်​၌​အ​ဖ​သို့​မ​ဟုတ် အ​မိ​အား​ထောက်​ပံ့​ရန်​ပစ္စည်း​တစ်​စုံ​တစ်​ရာ​ရှိ သော်​လည်း ယင်း​ပစ္စည်း​ကို​ဘု​ရား​သ​ခင်​အ​ဖို့​လှူ ပြီး​ပစ္စည်း​ဖြစ်​သည်​ဟု​ဆို​လျှင်၊- ၆ ထို​သူ​သည်​မိ​ဘ​အား​ထောက်​ပံ့​ရန်​မ​လို​ဟု​သင် တို့​သွန်​သင်​ကြ​၏။ ဤ​သို့​လျှင်​သင်​တို့​သည်​မိ​မိ တို့​၏​ထုံး​တမ်း​စဉ်​လာ​များ​ကို​လိုက်​နာ​ရန်​ဘု​ရား သ​ခင်​၏​ပ​ညတ်​တော်​ကို​ပစ်​ပယ်​ကြ​၏။- ၇ အ​ချင်း​ကြောင်​သူ​တော်​တို့၊ သင်​တို့​နှင့်​ပတ်​သက်​၍ ဘု​ရား​သ​ခင်​သည်​ဟေ​ရှာ​ယ​အား​ဖြင့်၊
၈ `ဤ​လူ​မျိုး​သည်​ငါ့​အား​နှုတ်​ဖြင့်​ဂုဏ်​ပြု​ချီး​ကူး ကြ​၏။
သူ​တို့​၏​စိတ်​နှ​လုံး​မူ​ကား​ငါ​နှင့်​ဝေး​လှ​၏။
သူ​တို့​သည်​လူ့​ပ​ညတ်​များ​ကို​ဘု​ရား​ပေး​ပ​ညတ် သ​ဖွယ် သင်​ကြား​ပို့​ချ​ကြ​၏။
၉ သို့​ဖြစ်​၍​ငါ့​အား​သူ​တို့​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​သည်
အ​ချည်း​နှီး​ဖြစ်​၏' ဟု​မိန့်​ကြား​ခဲ့​သည်​မှာ​မှန်​လှ​၏''
ဟု​မိန့်​တော်​မူ​၏။
လူ​ကို​ညစ်​ညမ်း​စေ​သည့်​အ​ရာ​များ
(မာ၊ ၇:၁၄-၂၃။)
၁၀ ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​တို့​အား​အ​ထံ​တော် သို့​ခေါ်​တော်​မူ​ပြီး​လျှင် ``ငါ့​စ​ကား​ကို​သင်​တို့ နာ​ယူ​သိ​မှတ်​ကြ​ကုန်​လော့။- ၁၁ လူ​ကို​ညစ်​ညမ်း​စေ​သည့်​အ​ရာ​ကား​ခံ​တွင်း​သို့ ဝင်​သည့်​အ​ရာ​မ​ဟုတ်။ ခံ​တွင်း​မှ​ထွက်​သည့်​အ​ရာ သာ​လျှင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​သည်။
၁၂ တ​ပည့်​တော်​တို့​သည်​အ​ထံ​တော်​သို့​လာ​၍ ``အ​ရှင် မိန့်​တော်​မူ​သော​စ​ကား​ကြောင့်​ဖာ​ရိ​ရှဲ​တို့​စိတ်​ဆိုး ကြ​သည်​ကို​သိ​တော်​မူ​ပါ​သ​လော'' ဟု​လျှောက် ထား​ကြ​၏။
၁၃ ကိုယ်​တော်​က ``ကောင်း​ကင်​ဘုံ​ရှင်၊ ငါ​၏​အ​ဖ​စိုက်​ပျိုး တော်​မ​မူ​သည့်​အ​ပင်​ရှိ​သ​မျှ​သည်​နုတ်​ပစ်​ခြင်း ကို​ခံ​ရ​လိမ့်​မည်။- ၁၄ သို့​ဖြစ်​၍​ထို​သူ​တို့​အ​တွက်​ကြောင့်​စိတ်​မ​ပူ​ကြ နှင့်၊ သူ​တို့​သည်​မျက်​မ​မြင်​များ​ကို​လမ်း​ပြ​သည့် သူ​ကန်း​များ​ဖြစ်​ကြ​၏။ မျက်​မ​မြင်​တစ်​ယောက် က​အ​ခြား​မျက်​မ​မြင်​တစ်​ယောက်​အား​လမ်း​ပြ ပါ​မူ​သူ​တို့​နှစ်​ယောက်​စ​လုံး​ပင်​တွင်း​ထဲ​သို့​ကျ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
၁၅ ပေ​တ​ရု​က ``ထို​ပုံ​ဥ​ပ​မာ​ကို​အ​ကျွန်ုပ်​တို့​အား ရှင်း​ပြ​တော်​မူ​ပါ'' ဟု​လျှောက်​၏။
၁၆ ကိုယ်​တော်​က ``သင်​တို့​ပင်​လျှင်​ယ​ခု​တိုင်​အောင် အ​သိ​ဉာဏ်​ကင်း​မဲ့​လျက်​ရှိ​နေ​ကြ​သေး​သ​လော။- ၁၇ ခံ​တွင်း​သို့​ဝင်​သော​အ​ရာ​ဟူ​သ​မျှ​သည်​အ​စာ အိမ်​သို့​ရောက်​ပြီး​နောက် အိမ်​သာ​တွင်း​သို့​သက်​ဆင်း သွား​သည်​ကို​သင်​တို့​မ​သိ​ပါ​သ​လော။- ၁၈ ခံ​တွင်း​က​ထွက်​သည့်​အ​ရာ​မူ​ကား​စိတ်​နှ​လုံး ထဲ​မှ​ထွက်​လာ​သော​အ​ရာ​ဖြစ်​၏။ ထို​အ​ရာ​မျိုး သည်​လူ​ကို​ညစ်​ညမ်း​စေ​၏။- ၁၉ လူ့​အ​သက်​ကို​သတ်​ခြင်း၊ သူ့​အိမ်​ရာ​ကို​ပြစ်​မှား ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း၊ သူ့​ဥစ္စာ​ကို​ခိုး​ခြင်း၊ မ​မှန်​သော​သက်​သေ​ကို​ခံ​ခြင်း၊ သူ့​အ​သ​ရေ​ကို ဖျက်​ခြင်း​အ​စ​ရှိ​သည့်​ညစ်​ညမ်း​သည့်​အ​ကြံ အ​စည်​များ​သည်​စိတ်​နှ​လုံး​ထဲ​မှ​ထွက်​လာ​၏။- ၂၀ ဤ​အ​ရာ​များ​သည်​လူ​ကို​ညစ်​ညမ်း​စေ​ကြ​၏။ လက်​မ​ဆေး​ဘဲ​အ​စား​အ​စာ​စား​ခြင်း​က​လူ ကို​ညစ်​ညမ်း​စေ​သည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
အ​မျိုး​သ​မီး​တစ်​ဦး​၏​ယုံ​ကြည်​ခြင်း
(မာ၊ ၇:၂၄-၃၀။)
၂၁ သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​ခွာ​တော်​မူ ၍ တု​ရု​နှင့်​ဇိ​ဒုန်​နယ်​များ​သို့​ကြွ​တော်​မူ​၏။- ၂၂ ထို​ဒေသ​တွင်​နေ​ထိုင်​သူ​ခါ​နာန်​အ​မျိုး​သ​မီး တစ်​ယောက်​သည်​အ​ထံ​တော်​သို့​လာ​ပြီး​လျှင် ``အ​ရှင်၊ ဒါ​ဝိဒ်​၏​သား​တော်၊ ကျွန်​မ​ကို​သ​နား တော်​မူ​ပါ။ ကျွန်​မ​၏​သ​မီး​သည်​နတ်​မိစ္ဆာ​ပူး ဝင်​နေ​သ​ဖြင့်​ပြင်း​ပြ​စွာ​ဝေ​ဒ​နာ​ခံ​လျက် နေ​ပါ​သည်'' ဟု​လျှောက်​၏။
၂၃ သို့​ရာ​တွင်​ကိုယ်​တော်​သည်​မည်​သို့​မျှ​ဖြေ​ကြား တော်​မ​မူ။ တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​အ​နီး သို့​လာ​၍ ``ဤ​အ​မျိုး​သ​မီး​သည်​အ​ကျွန်ုပ်​တို့​၏ နောက်​က​လိုက်​၍​ဟစ်​အော်​နေ​ပါ​သည်။ သူ့​အား နှင်​ပစ်​တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။
၂၄ ထို​အ​ခါ​ကိုယ်​တော်​က ``ငါ​သည်​ပျောက်​နေ​သော သိုး​စု​ဖြစ်​သည့်​ဣသ​ရေ​လ​အ​မျိုး​သား​များ​အ​တွက် သာ​လျှင်​လာ​ရောက်​ခြင်း​ဖြစ်​သည်'' ဟု​ဖြေ​ကြား တော်​မူ​၏။
၂၅ ထို​အ​ခါ​၎င်း​အ​မျိုး​သ​မီး​သည်​ရှေ့​တော်​သို့​လာ ရောက်​ပျပ်​ဝပ်​လျက် ``အ​ရှင်၊ ကျွန်​မ​ကို​ကူ​မ​တော် မူ​ပါ'' ဟု​လျှောက်​၏။
၂၆ ကိုယ်​တော်​က ``သား​သ​မီး​တို့​၏​အ​စား​အ​စာ​ကို ယူ​၍​ခွေး​တို့​အား​မ​ကျွေး​အပ်'' ဟု​မိန့်​တော်​မူ​လျှင်၊
၂၇ အ​မျိုး​သ​မီး​က ``မှန်​ပါ​၏​အ​ရှင်၊ ခွေး​များ​ပင် လျှင်​မိ​မိ​တို့​သ​ခင်​၏​စား​ပွဲ​မှ​ကျ​သည့်​စား​ကြွင်း စား​ကျန်​များ​ကို​စား​ရ​ကြ​ပါ​၏'' ဟု​လျှောက်​၏။
၂၈ ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``အ​ချင်း​အ​မျိုး​သ​မီး၊ သင်​၏​ယုံ​ကြည်​ခြင်း​သည်​အား​ကြီး​စွ​တ​ကား။ သင် ဆန္ဒ​ရှိ​သည်​အ​တိုင်း​ဖြစ်​စေ'' ဟု​မိန့်​တော်​မူ​၏။ ထို အ​ချိန်​မှ​စ​၍​ထို​အ​မျိုး​သ​မီး​၏​သ​မီး​သည် ရော​ဂါ​ပျောက်​လေ​၏။
လူ​မ​မာ​အ​မြောက်​အ​မြား​ကို ကျန်း​မာ​စေ​တော်​မူ​ခြင်း
၂၉ သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​မှ​ထွက်​ခွာ​၍​ဂါ​လိ လဲ​အိုင်​ကမ်း​ခြေ​တစ်​လျှောက်​ကြွ​တော်​မူ​၏။ ထို နောက်​တောင်​ကုန်း​တစ်​ခု​ပေါ်​သို့​တက်​၍​ထိုင်​တော် မူ​၏။- ၃၀ လူ​ပ​ရိ​သတ်​များ​သည်​ခြေ​မ​စွမ်း​မ​သန်​သူ​များ၊ မျက်​မ​မြင်​များ၊ ကိုယ်​အင်္ဂါ​ချို့​တဲ့​သူ​များ​ဆွံ့​အ သူ​များ​နှင့်​အ​ခြား​ရော​ဂါ​သည်​များ​ကို​ခေါ်​ဆောင် ကာ​ကိုယ်​တော်​၏​ခြေ​တော်​ရင်း​တွင်​ချ​ထား​ကြ​၏။ ကိုယ်​တော်​သည်​ထို​သူ​နာ​တို့​၏​ရော​ဂါ​များ​ကို ပျောက်​ကင်း​စေ​တော်​မူ​၏။- ၃၁ ဆွံ့​အ​သူ​များ​စ​ကား​ပြော​ကြ​သည်​ကို​လည်း ကောင်း၊ ကိုယ်​အင်္ဂါ​ချို့​တဲ့​သူ​များ​အ​ကောင်း​ပ​က​တိ ဖြစ်​လာ​သည်​ကို​လည်း​ကောင်း၊ ခြေ​မ​စွမ်း​သူ​များ လမ်း​လျှောက်​ကြ​သည်​ကို​လည်း​ကောင်း၊ မျက်​မ​မြင် များ​မျက်​စိ​မြင်​ကြ​သည်​ကို​လည်း​ကောင်း​တွေ့​မြင် ကြ​သော​အ​ခါ လူ​ပ​ရိ​သတ်​တို့​သည်​လွန်​စွာ အံ့​သြ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​ကူး​ကြ​ကုန်​၏။
လူ​လေး​ထောင်​ကို​ကျွေး​မွေး​တော်​မူ​ခြင်း
(မာ၊ ၈:၁-၁၀။)
၃၂ သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​အား​အ​ထံ တော်​သို့​ခေါ်​ဆောင်​တော်​မူ​ပြီး​လျှင် ``ဤ​လူ အ​ပေါင်း​တို့​သည်​ငါ​နှင့်​အ​တူ​သုံး​ရက်​တိုင်​တိုင် နေ​ခဲ့​ကြ​၏။ သူ​တို့​မှာ​အ​စား​အ​စာ​မ​ရှိ​ကြ တော့​သ​ဖြင့်​သူ​တို့​ကို​ငါ​သ​နား​၏။ လမ်း​တွင် အား​ပြတ်​မည်​စိုး​ရိမ်​ရ​သ​ဖြင့်​သူ​တို့​အား အ​စား​အ​စာ​မ​ကျွေး​ဘဲ​အိမ်​သို့​မ​ပြန်​စေ လို'' ဟု​မိန့်​တော်​မူ​၏။
၃၃ တ​ပည့်​တော်​တို့​က ``ဤ​မျှ​ကြီး​မား​သည့်​လူ​ပ​ရိ သတ်​စား​လောက်​အောင်​အ​စား​အ​စာ​များ​ကို အ​ကျွန်ုပ်​တို့​သည်​ဤ​တော​ကန္တာ​ရ​တွင်​အ​ဘယ် သို့​ရ​နိုင်​ပါ​မည်​နည်း'' ဟု​လျှောက်​ကြ​လျှင်၊
၃၄ သ​ခင်​ယေ​ရှု​က ``သင်​တို့​တွင်​မုန့်​မည်​မျှ​ရှိ သ​နည်း'' ဟု​မေး​တော်​မူ​သော်၊
``မုန့်​ခု​နစ်​လုံး​နှင့်​ငါး​အ​နည်း​ငယ်​ရှိ​ပါ​သည်'' ဟု​ပြန်​လျှောက်​ကြ​၏။
၃၅ ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​ကို​မြေ​ပေါ်​တွင် ထိုင်​ရန်​အ​မိန့်​ပေး​တော်​မူ​၏။- ၃၆ မုန့်​ခု​နစ်​လုံး​နှင့်​ငါး​ကို​ယူ​၍​ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ​၏။ ထို​နောက်​မုန့် နှင့်​ငါး​ကို​ဖဲ့​၍​တ​ပည့်​တော်​တို့​အား​ပေး​တော် မူ​၏။ တ​ပည့်​တော်​တို့​သည်​လည်း​လူ​ပ​ရိ​သတ် တို့​အား​တစ်​ဆင့်​ပေး​ဝေ​ကြ​၏။- ၃၇ လူ​တို့​သည်​အ​ဝ​စား​ရ​ကြ​၏။ စား​ကြွင်း​စား ကျန်​များ​ကို​တောင်း​ကြီး​ခု​နစ်​တောင်း​အ​ပြည့် ကောက်​သိမ်း​ကြ​ရ​၏။- ၃၈ မုန့်​စား​သူ​ဦး​ရေ​ကား​အ​မျိုး​သ​မီး​နှင့်​က​လေး များ​မှ​အ​ပ​လေး​ထောင်​ခန့်​ရှိ​သ​တည်း။
၃၉ ထို​နောက်​ကိုယ်​တော်​သည်​လူ​တို့​အား​မိ​မိ​ရပ်​ရွာ သို့​ပြန်​စေ​တော်​မူ​ပြီး​နောက် လှေ​စီး​၍​မာ​ဂ ဒါ​လ​နယ်​သို့​ကြွ​တော်​မူ​၏။
၁၅:၄ ထွ၊ ၂၀:၁၂၊ ၂၁:၁၇။ တရား၊ ၅:၁၆။ ဝတ်၊ ၂၀:၉။ ၁၅:၈ ဟေရှာ၊ ၂၉:၁၃။ ၁၅:၁၄ လု၊ ၆:၃၉။ ၁၅:၁၈ မ၊ ၁၂:၃၄။