54
ဣသရေလအမျိုးသားတို့အတွက် ထာဝရဘုရား၏မေတ္တာတော် 
 1 အို ယေရုရှလင်မြို့၊သင်သည်သားသမီးမရ သည့် အမျိုးသမီးနှင့်တူ၍နေခဲ့၏။ 
သို့ရာတွင်ယခုအခါ၌ဝမ်းမြောက်ရွှင်လန်းစွာ သီချင်းဆို၍ကြွေးကြော်နိုင်လေပြီ။ 
ယခုသင်သည်ခင်ပွန်းဖြစ်သူ၏စွန့်ပစ်မှုကို အဘယ်အခါ၌မျှမခံရဘူးသည့် 
အမျိုးသမီးထက်ပင်ပို၍သားသမီးများကို ရရှိပေလိမ့်မည်။✡ ဂလ၊ ၄:၂၇။ 
 2 သင်နေထိုင်သည့်တဲကိုတိုးချဲ့ပါလော့။ 
တဲ၏ကုလားကာများကိုဆန့်ထုတ်လော့၊ မတွန့်ဆုတ်နှင့်။ 
တဲကြိုးတို့ကိုရှည်အောင်ပြု၍ပန္နက်တိုင်များကို ခိုင်မြဲအောင်ရိုက်လော့။ 
 3 သင်သည်မိမိ၏နယ်နိမိတ်များကိုအဘက်ဘက်မှ တိုးချဲ့ရလိမ့်မည်။ 
ယခုအခါ၊လူမျိုးခြားတို့နေထိုင်ရာပြည်ကို 
သင်၏အမျိုးသားတို့သည်ပြန်လည်ရရှိကြလိမ့်မည်။ 
ယခုအခါလူသူဆိတ်ငြိမ်လျက်နေသောမြို့တို့သည် စည်ကား၍လာလိမ့်မည်။ 
 4 မကြောက်နှင့်၊သင်သည်နောက်တစ်ဖန် အသရေပျက်ရတော့မည်မဟုတ်။ 
ရှုတ်ချခြင်းကိုလည်းခံရလိမ့်မည်မဟုတ်။ 
သင်သည်ငယ်ရွယ်စဉ်အခါကသစ္စာမဲ့သည့် ဇနီး ဖြစ်ခဲ့မှုကိုလည်းကောင်း၊ 
မုဆိုးမအဖြစ်ဖြင့်မကြံတတ်အောင်ပင် 
ကိုယ်တိုင်ကြုံခဲ့ရသည်ကိုလည်းကောင်း၊ မေ့လျော့သွားလိမ့်မည်။ 
 5 သင့်ကိုဖန်ဆင်းတော်မူသောအရှင်သည်၊ 
သင်၏ခင်ပွန်းပမာသင့်အားကြည့်ရှုစောင့်ရှောက် တော်မူလိမ့်မည်။ 
ထိုအရှင်၏နာမတော်ကား၊အနန္တတန်ခိုးရှင် ထာဝရဘုရားပင်ဖြစ်သတည်း။ 
ဣသရေလအမျိုးသားတို့၏သန့်ရှင်း မြင့်မြတ်သော 
ဘုရားသခင်သည်သင့်ကိုကယ်တင်တော်မူလိမ့်မည်။ 
ကိုယ်တော်သည်ကမ္ဘာလောကကို အစိုးရတော်မူပါသည်တကား။ 
 6 အို ဣသရေလအမျိုးသားတို့၊သင်တို့သည်၊ 
ခင်ပွန်းဖြစ်သူစွန့်ပစ်သဖြင့်၊အလွန်စိတ်ဒုက္ခ ရောက်လျက်နေသည့်ဇနီးငယ်တစ်ဦးနှင့်တူကြ၏။ 
သို့ရာတွင်ထာဝရဘုရားသည်သင်တို့ကို ပြန်လည်ခေါ်ယူတော်မူပါ၏။ 
 7 ``ငါသည်သင်တို့အားခေတ္တမျှစွန့်ပယ်ခဲ့သော်လည်း နက်နဲသည့်မေတ္တာဖြင့်ပြန်လည်သိမ်းပိုက်မည်။ 
 8 ငါသည်အမျက်ထွက်သဖြင့်သင်တို့ထံမှ မျက်နှာလွှဲ၍နေခဲ့၏။ 
သို့ရာတွင်မေတ္တာတော်ကိုသင်တို့အားထာဝစဉ် ငါပြမည်'' ဟု 
သင်တို့ကိုကယ်တင်တော်မူသောထာဝရဘုရား မိန့်တော်မူပါ၏။ 
 9 ``ငါသည်ကမ္ဘာမြေကြီးကိုနောက်တစ်ဖန် ရေလွှမ်းမိုးစေလိမ့်မည်မဟုတ်ဟု 
နောဧ၏လက်ထက်၌ကတိပြုခဲ့၏။ 
သင်တို့အားနောက်တစ်ဖန် 
အမျက်ထွက်တော်မူလိမ့်မည်မဟုတ်ကြောင်း ယခုငါကတိပြုပါ၏။ 
ငါသည်သင်တို့အားပြစ်တင်ဆုံးမမှုနှင့် အပြစ်ဒဏ်ခတ်မှုကိုပြုလိမ့်မည်မဟုတ်ပါ။✡ က၊ ၉:၈-၁၇။ 
 10 တောင်ကြီးတောင်ငယ်တို့သည်ပြိုကွဲ ပျက်စီးကြလိမ့်မည်။ 
သို့ရာတွင်သင်တို့အပေါ်၌ထားရှိသည့် 
ငါ၏မေတ္တာတော်သည်အဘယ်အခါ၌မျှ ပျက်သုဉ်းလိမ့်မည်မဟုတ်။ 
ငြိမ်းချမ်းရေးဆိုင်ရာကတိတော်ကိုငါသည် အစဉ်တည်မြဲစေမည်'' ဟု 
သင်တို့ကိုချစ်တော်မူသောထာဝရဘုရား မိန့်တော်မူပါ၏။ 
ယေရုရှလင်မြို့သစ် 
 11 ``အို ယေရုရှလင်မြို့၊ဒုက္ခရောက်လျက်၊ 
အားကိုးရာမဲ့ဖြစ်ကာ၊ နှစ်သိမ့်မည့်သူ မရှိသည့်မြို့၊ 
ငါသည်သင်၏အုတ်မြစ်များကိုအဖိုးတန် ကျောက်များဖြင့်ပြန်လည်တည်ဆောက်မည်။✡ ဗျာ၊ ၂၁:၁၈-၂၁။ 
 12 သင်၏ပြအိုးများကိုပတ္တမြားဖြင့်လည်းကောင်း၊ 
သင်၏တံတိုင်းတို့ကိုကျောက်မျက်ရတနာ များဖြင့်လည်းကောင်း၊ 
သင်၏နံရံများကိုအဖိုးတန်ရတနာ များဖြင့်လည်းကောင်း၊ပြန်လည်တည်ဆောက်မည်။ 
 13 ``သင်၏လူတို့အားငါကိုယ်တိုင်ဆုံးမသွန်သင်မည်။ 
သင်၏သားသမီးတို့အားချမ်းသာကြွယ်ဝမှုနှင့် ငြိမ်းချမ်းသာယာမှုကိုငါပေးမည်။✡ ယော၊ ၆:၄၅။ 
 14 သင်သည်သူတော်ကောင်းတရားတွင်အခြေခံ သဖြင့် တည်တံ့ခိုင်မြဲလိမ့်မည်။ 
နှိပ်စက်ညှင်းဆဲမှု၊ထိတ်လန့်တုန်လှုပ်မှုတို့နှင့် ကင်းဝေးရလိမ့်မည်။ 
 15 အကယ်၍သင့်အားထိပါးတိုက်ခိုက်လာသူ တစ်စုံတစ်ယောက်ရှိပါမူ၊ 
ထိုသူသည်ငါ၏ခွင့်ပြုချက်ကိုရရှိလိမ့်မည်မဟုတ်။ 
သင့်အားစစ်ပြိုင်လာသူမှန်သမျှသည် ကျဆုံးရကြလိမ့်မည်။ 
 16 ``မီးကိုမွှေး၍လက်နက်များကိုပြုလုပ်သူ ပန်းပဲဆရာကိုငါဖန်ဆင်း၏။ 
သတ်ဖြတ်ရန်အတွက်ထိုလက်နက်များကို အသုံးပြုသူစစ်သူရဲကိုလည်းငါဖန်ဆင်း၏။ 
 17 သို့ရာတွင်အဘယ်လက်နက်မျှသင့်အားအနာတရ ဖြစ်စေနိုင်လိမ့်မည်မဟုတ်။ 
သင်သည်မိမိအားပြစ်တင်စွပ်စွဲသူမှန်သမျှကို ပြန်လည်ချေပနိုင်လိမ့်မည်။ 
ငါသည်မိမိ၏အစေခံများကာကွယ်စောင့်ရှောက်ရန် အောင်ပွဲကိုပေးတော်မူမည်'' ဟုမိန့်တော်မူ၏။ 
ဤကားထာဝရဘုရားမြွက်ဟတော်မူသော စကားပင်ဖြစ်သတည်း။