13
ကူမတော်မူရန်ဆုတောင်းပတ္ထနာ11 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသောဆာလံ 
 1 အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးအား 
အဘယ်ကာလတိုင်အောင်မေ့လျော့၍ နေတော်မူပါမည်နည်း။ 
ထာဝစဉ်မေ့လျော့၍နေတော်မူမည်လော။ 
အဘယ်ကာလတိုင်အောင်မျက်နှာတော်ကို လွှဲတော်မူပါမည်နည်း။ 
 2 ကျွန်တော်မျိုးသည်အဘယ်ကာလတိုင်အောင် ဒုက္ခခံရပါမည်နည်း။ 
အဘယ်ကာလတိုင်အောင်နေ့ရောညပါ ဝမ်းနည်းကြေကွဲလျက်နေရပါမည်နည်း။ 
ကျွန်တော်မျိုး၏ရန်သူများသည် 
အဘယ်ကာလတိုင်အောင်ကျွန်တော်မျိုးအပေါ်တွင် အနိုင်ရကြပါမည်နည်း။ 
 3 ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ 
ကျွန်တော်မျိုးခေါ်သောအခါကြည့်တော်မူ၍ ထူးတော်မူပါ။ 
ကျွန်တော်မျိုးကိုပြန်လည်၍ခွန်အားဖြင့် ပြည့်ဝစေတော်မူပါ။ 
ကျွန်တော်မျိုးအားသေစေတော်မမူပါနှင့်။ 
 4 ကျွန်တော်မျိုး၏ရန်သူများသည် 
``ငါတို့သူ့ကိုအနိုင်ရပြီ'' ဟူ၍ ပြောဆိုနိုင်ခွင့်ကိုပေးတော်မမူပါနှင့်။ 
သူတို့အားကျွန်တော်မျိုး၏ပြိုလဲမှုကြောင့် ဝမ်းမြောက်နိုင်ခွင့်ကိုပေးတော်မမူပါနှင့်။ 
 5 ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ခိုင်မြဲသော မေတ္တာတော်ကိုအားကိုးပါ၏။ 
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကယ်တော်မူမည်ဖြစ်၍ 
ကျွန်တော်မျိုးသည်ရွှင်လန်းဝမ်းမြောက်ပါမည်။ 
 6 အို ထာဝရဘုရား၊ 
ကိုယ်တော်သည်ကျွန်တော်မျိုးအား ကျေးဇူးပြုတော်မူသဖြင့် 
ကျွန်တော်မျိုးသည်ကိုယ်တော်အား ထောမနာသီချင်းဆိုပါမည်။