21
စစ်ပွဲအောင်သည့်အတွက်ထောမနာပြုခြင်း19 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသောဆာလံ။ 
 1 အို ထာဝရဘုရား၊ 
ကိုယ်တော်ရှင်သည်မင်းကြီးအားခွန်အားစွမ်း ရည်ကို ပေးတော်မူသဖြင့်သူသည်ဝမ်းမြောက်ပါ၏။ 
ကိုယ်တော်ရှင်သည်စစ်ပွဲကိုအောင်စေတော်မူ သဖြင့် သူသည်အလွန်အားရရွှင်လန်းပါ၏။ 
 2 ကိုယ်တော်ရှင်သည်သူလိုလားတောင့်တသည့် အရာကိုပေးတော်မူပြီ။ 
သူ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော် မူပြီ။ 
 3 ကိုယ်တော်ရှင်သည်သူ့အားမွန်မြတ်သော ကောင်းချီးမင်္ဂလာများကိုချပေးတော်မူပြီ။ 
သူ့အားရွှေသရဖူကိုဆောင်းစေတော်မူပြီ။ 
 4 သူသည်အသက်ကိုတောင်းခံ၍ကိုယ်တော်ရှင်သည် သူ့အားအသက်ကိုပေးတော်မူသည်သာမက 
ရှည်၍မကုန်မဆုံးနိုင်သောအသက်ကို ပေးတော်မူပြီ။ 
 5 ကိုယ်တော်ရှင်ကယ်မတော်မူသဖြင့်မင်းကြီးသည် ဘုန်းအသရေထွန်းတောက်ရပါ၏။ 
ကိုယ်တော်သည်သူ့အားကျော်စောကိတ္တိနှင့် ခန့်ညားတင့်တယ်ခြင်းကိုပေးတော်မူပြီ။ 
 6 ကိုယ်တော်ရှင်၏ကောင်းချီးမင်္ဂလာများသည် သူ၏အပေါ်သို့အစဉ်သက်ရောက်လျက် ရှိပါ၏။ 
သူ၏အနီးတွင်ကိုယ်တော်ရှိတော်မူသည် ဖြစ်၍ သူသည်ရွှင်လန်းဝမ်းမြောက်ပါ၏။ 
 7 မင်းကြီးသည်အနန္တတန်ခိုးရှင်ထာဝရဘုရား ကို ယုံကြည်ကိုးစားပါ၏။ 
ထာဝရဘုရား၏ခိုင်မြဲသောမေတ္တာကြောင့် သူသည် ဘေးမဲ့လုံခြုံတော်မူပါလိမ့်မည်။ 
 8 မင်းကြီးသည်မိမိ၏ရန်သူအပေါင်းကို ဖမ်းဆီးတော်မူလိမ့်မည်။ 
ကိုယ်တော်အားမုန်းသောသူအပေါင်းတို့ကို လက်ရဖမ်းဆီးတော်မူလိမ့်မည်။ 
 9 ကိုယ်တော်ကြွလာတော်မူသောအခါ 
အလျှံထလျက်နေသောမီးသဖွယ် သူတို့အားဖျက်ဆီးတော်မူလိမ့်မည်။ 
ထာဝရဘုရားသည်အမျက်တော်ထွက်၍ သူတို့အားဖျက်ဆီးပစ်တော်မူလိမ့်မည်။ 
သူတို့သည်မီးတွင်ကျွမ်းလောင်ကုန်လိမ့်မည်။ 
 10 မင်းကြီးသည်သူတို့၏သားသမီးအပေါင်း ကို သေကြေပျက်စီးစေတော်မူလိမ့်မည်။ 
သူတို့၏အမျိုးအနွယ်အပေါင်းကို သုတ်သင်တော်မူလိမ့်မည်။ 
 11 သူတို့သည်မင်းကြီးကိုလုပ်ကြံရန်မသမာ သော အကြံအစည်များကိုပြုကြ၏။ 
သို့ရာတွင်အောင်မြင်ကြလိမ့်မည်မဟုတ်။ 
 12 မင်းကြီးသည်လေးနှင့်ခွင်းတော်မူလျက် သူတို့အား တပ်ခေါက်၍ထွက်ပြေးစေတော်မူလိမ့်မည်။ 
 13 အို ထာဝရဘုရား၊ 
ကိုယ်တော်၌မဟာတန်ခိုးတော်ရှိတော်မူ သောကြောင့် 
ကိုယ်တော်အားကျွန်တော်မျိုးတို့ထောမနာ ပြုကြပါ၏။ 
ကိုယ်တော်၏ဘုန်းအာနုဘော်တော်ကို ထောမနာသီချင်းဆိုပါမည်။