26
သူတော်ကောင်းတစ်ယောက်၏ ဆုတောင်းပတ္ထနာ5 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသည် 
 1 အို ထာဝရဘုရား၊ 
ကျွန်တော်မျိုးသည်မှန်ရာကိုပြုကျင့်၍ 
ကိုယ်တော်အားအကြွင်းမဲ့ကိုးစားသူဖြစ် ပါ၏။ 
ထို့ကြောင့်ကျွန်တော်မျိုးမှာအပြစ်မရှိကြောင်း ထုတ်ဖော်ကြေညာတော်မူပါ။ 
 2 အို ထာဝရဘုရား၊ 
ကျွန်တော်မျိုးအားစမ်းသပ်စစ်ဆေးတော်မူပါ။ 
ကျွန်တော်မျိုး၏အလိုဆန္ဒများနှင့်စိတ်နှလုံး အကြံအစည်များကိုစစ်ကြောတော်မူပါ။ 
 3 ကျွန်တော်မျိုးအားကိုယ်တော်ရှင်၏ခိုင်မြဲသော မေတ္တာတော်သည်လမ်းပြပါ၏။ 
သစ္စာတော်သည်ကျွန်တော်မျိုးအား အစဉ်ပို့ဆောင်လျက်ရှိပါ၏။ 
 4 ကျွန်တော်မျိုးသည်လျှပ်ပေါ်သူတို့နှင့် မပေါင်းမဖော်ပါ။ 
သူတော်ယောင်ဆောင်သူတို့နှင့်လည်းမည်သို့မျှ မဆက်ဆံပါ။ 
 5 ဆိုးညစ်သူတို့၏အပေါင်းအသင်းတို့ကို ရွံမုန်း၍ သူယုတ်မာတို့ကိုရှောင်ရှားပါ၏။ 
 6 အို ထာဝရဘုရား၊ 
ကျွန်တော်မျိုးမှာအပြစ်မရှိကြောင်းပြသရန် 
ကျွန်တော်မျိုးသည်မိမိ၏လက်ကိုဆေးကြောပြီး နောက် 
ကိုယ်တော်ရှင်၏ယဇ်ပလ္လင်ကိုလှည့်ပတ်၍ ဝတ်ပြုကိုးကွယ်ပါ၏။ 
 7 ကျွန်တော်မျိုးသည်ကျေးဇူးတော်ချီးမွမ်းရာ သီချင်းကိုဆို၍ 
ကိုယ်တော်ရှင်ပြုတော်မူသောအံ့သြဖွယ် အမှုအရာအပေါင်းတို့ကိုပြောကြားပါ၏။ 
 8 အို ထာဝရဘုရား၊ 
ကျွန်တော်မျိုးသည်ဘုန်းအသရေတော်တည်ရာ 
တည်းဟူသောကိုယ်တော်ရှင်ကိန်းဝပ်တော်မူရာ အိမ်တော်ကိုနှစ်သက်မြတ်နိုးပါ၏။ 
 9 ကျွန်တော်မျိုးအားအပြစ်ကူးသူများနှင့်တကွ ဖျက်ဆီးပစ်တော်မမူပါနှင့်။ 
သူသတ်သမားတို့၏ကံကြမ္မာကို ခံစေတော်မမူပါနှင့်။ 
 10 ထိုသူတို့သည်မကောင်းမှုကိုအခါခပ်သိမ်း ပြုကျင့်လျက် 
တံစိုးလက်ဆောင်ယူရန်အစဉ်အမြဲ အသင့်ရှိသူများဖြစ်ကြပါ၏။ 
 11 ကျွန်တော်မျိုးမူကားမှန်ရာကိုပြုကျင့်ပါ၏။ 
ကျွန်တော်မျိုးအားကရုဏာထားတော်မူ၍ ကယ်တော်မူပါ။ 
 12 ငါသည်ဘေးအန္တရာယ်အပေါင်းမှကင်းလွတ် လုံခြုံလျက်ရှိ၏။ 
လူပရိတ်သတ်အလယ်တွင်ထာဝရဘုရားအား ထောမနာပြုပါမည်။