အတွဲ ၂ 
 42
(ဆာလံ၊ ၄၂-၇၂) 
ပြည်နှင်ဒဏ်သင့်သူတစ်ဦး၏ဆုတောင်းပတ္ထနာ18 * ဟေဗြဲခေါင်းစဉ်။ ကောရ၏သားများစပ်ဆိုသောကဗျာ။ 
 1 အို ဘုရားသခင်၊ 
သမင်ဒရယ်သည်အေးမြသောစမ်းရေကို တောင့်တသကဲ့သို့ 
ကိုယ်တော်ရှင်ကိုကျွန်တော်မျိုးတောင့်တပါ၏။ 
 2 အသက်ရှင်တော်မူသည့်ဘုရားတည်းဟူသော ကိုယ်တော်ရှင်ကိုကျွန်တော်မျိုးတောင့်တပါ၏။ 
ကျွန်တော်မျိုးသည်အဘယ်အခါမှ 
ကိုယ်တော်ရှင်၏ရှေ့တော်မှောက်သို့ချဉ်းကပ်၍ ဝတ်ပြုကိုးကွယ်နိုင်ပါမည်နည်း။ 
 3 ငါသည်နေ့ရောညပါငိုကြွေးရသဖြင့် 
မျက်ရည်များသည်ငါ၏အစားအစာဖြစ် တော့၏။ 
ရန်သူတို့ကငါ့အား``သင်၏ဘုရားသည် 
အဘယ်မှာရှိသနည်း'' ဟုအစဉ်ပင် မေးလျက်နေကြ၏။ 
 4 ရွှင်လန်းစွာသီချင်းဆိုကာဘုရားသခင် အား 
ထောမနာပြုလျက်အိမ်တော်သို့သွားသူ လူပရိသတ်အား 
ငါသည်ဦးဆောင်ခဲ့ကြောင်းကိုသတိရသော အခါ ငါ၏စိတ်နှလုံးသည်ကြေကွဲပါ၏။ 
 5 ငါသည်အဘယ်ကြောင့်ဤမျှစိတ်ညှိုးငယ် ရသနည်း။ 
အဘယ်ကြောင့်ပူပင်သောကရောက်ရသနည်း။ 
ငါသည်ဘုရားသခင်အားမျှော်ကိုးလျက် နေပါမည်။ 
ငါ၏ကယ်တင်ရှင်၊ငါ၏ဘုရားအားတစ်ဖန် ထောမနာပြုပါမည်။ 
 6-7 ယခုပြည်နှင်ဒဏ်ငါခံနေရချိန်၌ငါ၏ စိတ်နှလုံးသည်ကြေကွဲလျက်ရှိ၏။ 
သို့ဖြစ်၍ငါသည်ကိုယ်တော်ကို အောက်မေ့သတိရပါ၏။ 
ကိုယ်တော်သည်ဟေရမုန်တောင်နှင့် 
မိဇရတောင်မှဝမ်းနည်းခြင်းလှိုင်းလုံးများကို စေလွှတ်တော်မူပြီးလျှင် 
ယော်ဒန်မြစ်မှရေတံခွန်စီးဆင်းလာသကဲ့သို့ အသံဗလံနှင့်ငါ့ကိုလွှမ်းမိုးစေတော်မူပါ၏။ 
 8 နေ့အချိန်၌ထာဝရဘုရားသည်မိမိ၏ ခိုင်မြဲသော မေတ္တာတော်ကိုပြတော်မူပါစေသော။ 
ထိုအခါညအချိန်၌ငါသည်သီချင်းဆိုနိုင်၍ 
ငါ၏အသက်သခင်ဘုရားသခင်ထံတော်သို့ ဆုတောင်းပတ္ထနာပြုနိုင်ပါမည်။ 
 9 ``ကိုယ်တော်သည်အဘယ်ကြောင့်ကျွန်တော်မျိုးအား မေ့လျော့၍နေတော်မူပါသနည်း။ 
အဘယ်ကြောင့်ကျွန်တော်မျိုးသည်ရန်သူတို့၏ 
ရက်စက်ကြမ်းကြုတ်မှုဒဏ်ကိုခံလျက် နေရပါမည်နည်း'' ဟု 
ငါ့ကိုကွယ်ကာသောအရှင်၊ဘုရားသခင်အား ငါလျှောက်ထားပါ၏။ 
 10 ငါ့ရန်သူများက``သင်၏ဘုရားသည် 
အဘယ်မှာနည်း''ဟုငါ့အားအဖန်တလဲလဲ မေးမြန်းသဖြင့် 
သူတို့၏စော်ကားမှုကြောင့်ငါသည်အလွန်ပင် စိတ်ပျက်အားလျော့ရပါ၏။ 
 11 ငါသည်အဘယ်ကြောင့်ဤမျှစိတ်ညှိုးငယ်ရသနည်း။ အဘယ်ကြောင့်ပူပင်သောကရောက်ရသနည်း။ 
ငါသည်ထာဝရဘုရားအားမျှော်ကိုးပါမည်။ 
ငါ၏ကယ်တင်ရှင်၊ငါ၏ဘုရားသခင်အား တစ်ဖန်ထောမနာပြုပါမည်။