97
တန်ခိုးအကြီးဆုံးဘုရင်ဖြစ်တော်မူသော ဘုရားသခင် 
 1 ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ 
အချင်းကမ္ဘာမြေကြီး၊ရွှင်လန်းဝမ်းမြောက်လော့။ 
ပင်လယ်များတွင်ရှိသည့်ကျွန်းအပေါင်းတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။ 
 2 မိုးတိမ်များနှင့်မှောင်မိုက်တို့သည်ကိုယ်တော်ကို ဝိုင်းရံလျက်ရှိ၏။ 
ကိုယ်တော်၏အုပ်စိုးခြင်းသည်အမှန်တရားနှင့် တရားမျှတမှုအပေါ်တွင်အခြေခံ၏။ 
 3 မီးလျှံသည်ရှေ့တော်မှသွား၍ကိုယ်တော်၏ ပတ်လည်ရှိရန်သူတို့ကိုကျွမ်းလောင်စေ၏။ 
 4 ကိုယ်တော်၏လျှပ်စစ်လျှပ်နွယ်တို့သည် ကမ္ဘာလောကကိုလင်းစေကြ၏။ 
ထိုအချင်းအရာကိုမြင်သောအခါ ကမ္ဘာမြေကြီးသည်တုန်လှုပ်လေ၏။ 
 5 ကမ္ဘာမြေကြီးကိုအစိုးရသော 
အရှင်တည်းဟူသောထာဝရဘုရား ၏ရှေ့ 
တော်၌တောင်တို့သည်ဖယောင်းကဲ့သို့ အရည်ပျော်ကြကုန်၏။ 
 6 မိုးကောင်းကင်သည်ကိုယ်တော် 
ဖြောင့်မှန်တော်မူကြောင်းကိုထုတ်ဖော်ကြေ ညာ၍ 
လူအပေါင်းတို့သည်ကိုယ်တော်၏ဘုန်း အသရေတော်ကိုမြင်ကြရ၏။ 
 7 ရုပ်တုများကိုရှိခိုးဝတ်ပြုသူအပေါင်းတို့သည် အရှက်ရကြ၏။ 
ဘုရားရှိသမျှတို့သည်လည်းကိုယ်တော်၏ ရှေ့တော်၌ဦးညွှတ်ပျပ်ဝပ်ကြ၏။ 
 8 အို ထာဝရဘုရား၊ 
ကိုယ်တော်ရှင်၏တရားစီရင်တော်မူချက် များကြောင့် 
ဇိအုန်မြို့သူမြို့သားတို့သည်ရွှင်လန်း ဝမ်းမြောက်ကြပါ၏။ 
ယုဒမြို့တို့သည်လည်းအားရရွှင်မြူးကြပါ၏။ 
 9 အနန္တတန်ခိုးရှင်ထာဝရဘုရား၊ကိုယ်တော် ရှင်သည် 
ကမ္ဘာမြေတစ်ပြင်လုံးကိုအစိုးရတော်မူသော အရှင်ဖြစ်တော်မူပါ၏။ 
ဘုရားရှိသမျှတို့ထက်အလွန်ကြီးမြတ်တော် မူပါ၏။ 
 10 ထာဝရဘုရားသည်မကောင်းမှုကို မုန်းသောသူတို့အားချစ်တော်မူ၏။ 
မိမိလူစုတော်၏စည်းစိမ်ကိုကာကွယ် စောင့်ရှောက်တော်မူ၏။ 
ကိုယ်တော်သည်သူတို့အားသူယုတ်မာတို့ ၏လက်မှ ကယ်ဆယ်တော်မူ၏။ 
 11 သူတော်ကောင်းတို့အပေါ်သို့ရွှင်လန်း ဝမ်းမြောက်ခြင်းသည်လည်းကောင်း၊ 
သဘောဖြောင့်သူတို့အပေါ်သို့ 
ရွှင်လန်းဝမ်းမြောက်ခြင်းသည်လည်းကောင်း သက်ရောက်၏။ 
 12 အို သူတော်ကောင်းအပေါင်းတို့၊ 
ထာဝရဘုရားပြုတော်မူသောအမှုတော် ကြောင့် ရွှင်လန်းဝမ်းမြောက်ကြလော့။ 
သန့်ရှင်းမြင့်မြတ်တော်မူသောဘုရား ပြုတော်မူခဲ့သည့် အမှုတော်ကိုအောက်မေ့သတိရလျက် 
ကျေးဇူးတော်ကိုချီးမွမ်းကြလော့။