51
ဇိအုန်တောင်အတွက်နှစ်သိမ့်စကားများ 
 1 ထာဝရဘုရားက၊ 
``ကယ်တင်ခြင်းခံလိုသူတို့၊အကူအညီတောင်းခံရန် 
ငါ့ထံသို့လာရောက်သူတို့၊သင်တို့သည် ငါ့ပြောစကားကိုနားထောင်ကြလော့။ 
သင်တို့ကိုထွင်းထုတ်ယူရာကျောက်ကို ကြည့်ရှုကြလော့။ 
သင်တို့ကိုတူးဖော်ရာကျောက်တွင်းကို ကြည့်ရှုကြလော့။ 
 2 သင်တို့၏ဘိုးအေအာဗြဟံနှင့်ဘွားအေစာရာတို့၏ အကြောင်းကိုအောက်မေ့ဆင်ခြင်ကြလော့။ 
အာဗြဟံအားငါခေါ်ယူစဉ်အခါက သူ့မှာသားသမီးမရှိ။ 
သို့ရာတွင်ငါသည်သူ့အားသားသမီးများဖြင့် ကောင်းချီးပေး၍၊ 
သူ၏အဆက်အနွယ်တို့ကိုများပြားစေတော်မူ၏။ 
 3 ``ငါသည်ဇိအုန်မြို့နှင့်ထိုမြို့၏ပျက်စီးယိုယွင်းလျက် ရှိသည့်အဆောက်အဦများတွင် 
နေထိုင်သူတို့အားကရုဏာပြမည်။ 
ဇိအုန်ဒေသသည်တောကန္တာရပင်ဖြစ်သော်လည်း 
ငါသည်ယင်းကိုဧဒင်အရပ်မှာကဲ့သို့ ထာဝရဘုရား၏ဥယျာဉ်ဖြစ်စေမည်။ 
ထိုအရပ်တွင်လူတို့သည်ဝမ်းမြောက်ရွှင်လန်းလျက်၊ 
ထောမနာသီချင်းဆိုလျက်၊ငါ၏ကျေးဇူးတော်ကို ချီးမွမ်းလျက်နေကြလိမ့်မည်။ 
 4 ``အို ငါ၏လူမျိုးတော်၊ငါ့စကားကိုဂရုပြု ကြလော့။ 
ငါပြောသည်ကိုနားထောင်ကြလော့။ 
ငါသည်လူမျိုးတကာတို့အားဆုံးမ သြဝါဒပေး၍ 
ငါ၏တရားဒေသနာများသည်သူတို့အတွက် အလင်းဖြစ်လိမ့်မည်။ 
 5 ငါသည်လျင်မြန်စွာလာ၍သူတို့အားကယ်တင်မည်။ 
ငါအောင်ပွဲခံရန်အချိန်သည်နီးကပ်၍လာလေပြီ။ 
လူမျိုးတကာတို့အားငါကိုယ်တိုင်ပင် အုပ်စိုးတော်မူမည်။ 
နိုင်ငံရပ်ခြားတိုင်းတစ်ပါးသားတို့သည် ငါလာမည်ကိုစောင့်မျှော်လျက်ရှိ၏။ 
မိမိတို့အားကယ်တင်လိမ့်မည်ဟူသော 
မျှော်လင့်ချက်ဖြင့်၊သူတို့သည်ငါ့ကို စောင့်မျှော်လျက်နေကြ၏။ 
 6 မိုးကောင်းကင်ကိုကြည့်ရှုကြလော့။ ကမ္ဘာမြေကြီးကိုလည်းကြည့်ရှုကြလော့။ 
မိုးကောင်းကင်သည်မီးခိုးသဖွယ် ပျောက်ကွယ်၍သွားလိမ့်မည်။ 
ကမ္ဘာမြေကြီးသည်ဟောင်းနွမ်းသည့်အဝတ်ကဲ့သို့ တဖြည်းဖြည်းပျက်ပြုန်းသွားလိမ့်မည်။ 
ဤကမ္ဘာမြေကြီးသားအပေါင်းတို့သည်လည်း ယင်ကောင်ကဲ့သို့သေကြေပျက်စီးကြလိမ့်မည်။ 
သို့ရာတွင်ငါ၏ကယ်တင်ခြင်းကျေးဇူးသည် အစဉ်အမြဲတည်လိမ့်မည်။ 
ငါ၏အောင်မြင်မှုသည်လည်းအဘယ်အခါ၌မျှ ပျက်ပြယ်ရလိမ့်မည်မဟုတ်။ 
 7 ``အမှန်တရားကိုသိရှိသူတို့၊ငါ၏သြဝါဒကို စွဲမြဲစွာမှတ်ကြုံးထားသူတို့၊ 
သင်တို့သည်ငါပြောသည့်စကားကို နားထောင်ကြလော့။ 
သင်တို့အားကရော်ကမည်ပြု၍၊လူတို့စော်ကား ပြောဆိုကြသောအခါမကြောက်ကြနှင့်။ 
 8 ထိုသို့သောလူတို့သည်ပိုးကိုက်သည့်အဝတ် ကဲ့သို့ပျောက်ကွယ်၍သွားလိမ့်မည်။ 
သို့ရာတွင်ငါ၏ဖြောင့်မတ်ခြင်းကားထာဝစဉ် တည်လိမ့်မည်။ 
ငါ၏ကယ်တင်ခြင်းတန်ခိုးသည်လည်းကာလ အစဉ်အဆက်တည်လိမ့်မည်'' ဟုမိန့်တော်မူ၏။ 
 9 အို ထာဝရဘုရား၊နိုးထတော်မူ၍ ကျွန်တော်မျိုးတို့အားကူမတော်မူပါ။ 
ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ 
နိုးထတော်မူ၍ရှေးပဝေသဏီကာလ၌ ကဲ့သို့ပင် တန်ခိုးတော်ကိုအသုံးပြုတော်မူပါ။ 
ပင်လယ်နဂါးကြီးရာခပ်အား 
အပိုင်းပိုင်းဖြတ်တော်မူသောသူကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။ 
 10 မိမိကယ်တင်နေဆဲလူစုကူးဖြတ်နိုင်ရန် ပင်လယ်ကိုခန်းခြောက်စေ၍၊ 
လမ်းဖောက်ပေးတော်မူသောသူကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။ 
 11 ကိုယ်တော်ရှင်ကယ်ဆယ်တော်မူလိုက်သည့် 
သူတို့သည်အားရရွှင်လန်းစွာသီဆိုကြွေး ကြော်လျက်၊ ယေရုရှလင်မြို့သို့ရောက်ရှိလာကြပါလိမ့်မည်။ 
သူတို့သည်ထာဝစဉ်ဝမ်းမြောက်ရွှင်လန်းရကြ၍၊ 
ထာဝစဉ်ဝမ်းနည်းကြေကွဲမှုနှင့်ကင်းလွတ်ရကြ ပါလိမ့်မည်။ 
 12 ထာဝရဘုရားက၊ 
``သင်တို့ကိုခွန်အားဖြင့်ပြည့်ဝစေသူမှာငါပင် ဖြစ်၏။ 
မြက်ပင်တမျှသာအသက်ရှည်သူ 
သေမျိုးလူသားအား၊သင်တို့သည်အဘယ်ကြောင့် ကြောက်လန့်ရပါမည်နည်း။ 
 13 မိုးကောင်းကင်ကိုဖြန့်ကြက်၍ကမ္ဘာမြေကြီးကို အုတ်မြစ်ချကာ၊ 
သင်တို့ကိုဖန်ဆင်းတော်မူသောထာဝရဘုရားအား၊ သင်တို့သည်မေ့လျော့ကြလေပြီလော။ 
သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူများ၊သင်တို့ကို သုတ်သင် ဖျက်ဆီးပစ်ရန်အသင့်ရှိသူများအား၊ 
အဘယ်ကြောင့်သင်တို့သည်အစဉ်အမြဲကြောက်၍ နေရကြပါမည်နည်း။ 
သူတို့၏အမျက်ဒေါသသည်သင်တို့အား အဘယ်အခါ၌မျှဘေးဥပဒ်မဖြစ်စေနိုင်။ 
 14 အကျဉ်းခံနေရသောသူတို့သည်မကြာမီ လွတ်မြောက်လာကြလိမ့်မည်။ 
လူတို့သည်ထောင်တွင်း၌မသေဆုံးတော့ဘဲ၊ 
မိမိတို့လိုအပ်သည့်အစားအစာမှန်သမျှကို ရရှိကြလိမ့်မည်။ 
 15 ``ငါသည်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ 
ပင်လယ်ရေကိုငါမွှေနှောက်၍လှိုင်းတံပိုးသံ များကို ဖြစ်ပေါ်စေ၏။ 
ငါ၏နာမတော်သည်အနန္တတန်ခိုးရှင်ထာဝရ ဘုရား ဖြစ်ပါသည်တကား။ 
 16 ငါသည်မိုးကောင်းကင်ကိုဖြန့်ကြက်၍ ကမ္ဘာမြေကြီးကိုအုတ်မြစ်ချ၏။ 
ဇိအုန်မြို့သူမြို့သားတို့အား`သင်တို့သည် ငါ၏လူမျိုးတော်ဖြစ်၏။ 
ငါသည်မိမိ၏တရားတော်ကိုသင်တို့အား ပေးအပ်၍ လက်တော်ဖြင့် 
သင်တို့ကိုကာကွယ်စောင့်ရှောက်၏' ဟု ငါမြွက်ဆိုပြီ'' ဟူ၍မိန့်တော်မူ၏။ 
ယေရုရှလင်မြို့၏ဆင်းရဲဒုက္ခပြီးငြိမ်းသွားခြင်း 
 17 အို ယေရုရှလင်မြို့၊နိုးထလော့။ မိမိကိုယ်ကိုနှိုး၍ထပါလော့။ 
ထာဝရဘုရားအမျက်တော်ထွက်သဖြင့် 
သင့်အားပေးတော်မူသော၊ခွက်ဖလားမှအပြစ် ဒဏ် စပျစ်ရည်ကိုသင်သည်သောက်သုံးခဲ့လေပြီ။ 
ယင်းကိုသောက်သုံးသဖြင့်ယိမ်းယိုင်လျက်နေခဲ့၏။✡ ဗျာ၊ ၁၄:၁၀၊ ၁၆:၁၉။ 
 18 သင့်ကိုလမ်းပြခေါ်ဆောင်ပေးမည့်သူ တစ်ဦးတစ်ယောက်မျှမရှိ။ 
သင့်အမျိုးသားများထဲမှသင့်ကိုလက်ဆွဲ ခေါ်ယူပေးမည့်သူတစ်ဦးတစ်ယောက်မျှမရှိ။ 
 19 သင်သည်ဘေးအန္တရာယ်နှစ်ဆကြုံတွေ့ရလေပြီ။ 
သင်၏ပြည်သည်စစ်ဒဏ်ကြောင့်ပျက်ပြုန်းသွား လေပြီ။ 
သင့်မြို့သူမြို့သားတို့သည်လည်းအစာရေစာ ငတ်မွတ်ကြလေပြီ။ 
သင့်အားကိုယ်ချင်းစာတရားထားရှိမည့်သူ တစ်စုံတစ်ယောက်မျှမရှိ။ 
 20 အားအင်ချည့်နဲ့မှုကြောင့်သင်၏လူတို့သည်၊ လမ်းဆုံလမ်းခွတိုင်းတွင်လဲကျကြ၏။ 
သူတို့သည်မုဆိုး၏ပိုက်ကွန်တွင်ဖမ်းမိသည့် သမင်ကဲ့သို့ဖြစ်လိမ့်မည်။ 
သူတို့သည်ဘုရားသခင်၏အမျက်တော် အရှိန်ကိုခံကြလေပြီ။ 
 21 ဒုက္ခရောက်လျက်နေသောအချင်းယေရုရှလင် မြို့သူမြို့သားတို့၊ 
သေသောက်ကြူးသဖွယ် ယိမ်းယိုင်လျက်နေကြသူတို့၊ 
 22 သင်တို့ဘုရားသခင်ထာဝရဘုရားသည်၊သင် တို့အား ကာကွယ်စောင့်ရှောက်တော်မူ၍၊ 
``ငါသည်အမျက်ထွက်သဖြင့်သင်တို့အား ပေးအပ်ခဲ့သည့်ခွက်ဖလားကို 
သင်တို့လက်မှပြန်လည်ရုပ်သိမ်းတော်မူမည်။ 
သင်တို့အားယိမ်းယိုင်မူးဝေစေသည့်စပျစ်ရည်ကို သင်တို့သောက်ရကြတော့မည်မဟုတ်။ 
 23 ထိုစပျစ်ရည်ကိုသင်တို့အားညှဉ်းဆဲနှိပ်စက် သူများ၊ သင်တို့အားလမ်းများပေါ်တွင်လဲလျောင်းစေ၍၊ 
မြေမှုန့်သဖွယ်ခြေနှင့်နင်းကြသူများအား ငါပေးအပ်မည်'' ဟုမိန့်တော်မူပါ၏။