62
 1 ငါသည်ယေရုရှလင်မြို့ကိုအားပေးစကား ဖွင့်ဟပြောဆိုမည်။ 
ထိုမြို့သည်ကယ်တင်ခြင်းကိုခံရ၍သူ၏ အောင်မြင်ခြင်းသည် 
မီးရှူးတိုင်သဖွယ်ထွန်းတောက်၍ 
မလာမချင်း၊ငါသည်ဇိအုန်မြို့အတွက် ဆိတ်ဆိတ်နေလိမ့်မည်မဟုတ်။ 
 2 အို ယေရုရှလင်မြို့၊လူမျိုးတကာတို့သည် 
သင်၏အောင်မြင်ခြင်းကိုတွေ့မြင် ရကြလိမ့်မည်။ 
ဘုရင်အပေါင်းတို့သည်လည်းသင်၏ဘုန်း အသရေကို တွေ့မြင်ရကြလိမ့်မည်။ 
သင်သည်ထာဝရဘုရားကိုယ်တော်တိုင် ပေးတော်မူသည့်နာမည်သစ်ကိုရရှိလိမ့်မည်။ 
 3 သင်သည်ထာဝရဘုရားအတွက် 
အလွန်လှပတင့်တယ်သောဦးရစ်သရဖူသဖွယ် ဖြစ်လိမ့်မည်။ 
 4 ``စွန့်ပစ်ခြင်းကိုခံရသူ'' ဟုနာမည်တွင် တော့မည်မဟုတ်။ 
သင်၏ပြည်သည်လည်း``အပယ်ခံဇနီး'' ဟူသောနာမည်ကိုခံယူရတော့မည်မဟုတ်။ 
သင်၏နာမည်သစ်မှာ``ဘုရားသခင်နှစ်သက် မြတ်နိုးသူ'' ဟူ၍ဖြစ်လိမ့်မည်။ 
သင်၏ပြည်သည်လည်း``ပျော်ရွှင်စွာထိမ်းမြား ထားသူ'' ဟုနာမည်တွင်လိမ့်မည်။ 
အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် သင့်ကိုနှစ်သက်တော်မူသဖြင့်၊ 
ခင်ပွန်းဖြစ်သူသည်မိမိဇနီးကိုမြတ်နိုး သကဲ့သို့၊ သင်၏ပြည်ကိုလည်းမြတ်နိုးတော်မူလိမ့်မည်။ 
 5 ထာဝရဘုရားသည်သင့်ကိုမင်္ဂလာဆောင် သတို့သမီးသဖွယ်သိမ်းပိုက်တော်မူလိမ့်မည်။ 
မင်္ဂလာဆောင်သတို့သမီးကိုသတို့သားသည် နှစ်သက်သကဲ့သို့၊ 
ဘုရားသခင်သည်သင့်ကိုနှစ်သက်တော်မူ လိမ့်မည်။ 
 6 အို ယေရုရှလင်မြို့၊ငါသည်သင်၏မြို့ရိုးများ ပေါ်တွင် အစောင့်တပ်သားများကိုချထား၏။ 
သူတို့သည်နေ့ရောညဥ့်ပါအခါခပ်သိမ်း ဆိတ်ဆိတ်နေရကြလိမ့်မည်မဟုတ်။ 
သူတို့သည်ထာဝရဘုရားအား 
မိမိ၏ကတိတော်များကိုအောက်မေ့ သတိရအောင် ပြုရကြမည်။ 
အဘယ်အခါ၌မျှမမေ့လျော့စေရန် သတိပေးရကြမည်။ 
 7 ကိုယ်တော်သည်ယေရုရှလင်မြို့ကိုပြန်လည် ထူထောင်ကာ၊ 
ကမ္ဘာတစ်ဝှမ်းလုံးကချီးမွမ်းထောမနာပြုရာမြို့ အဖြစ်သို့ရောက်စေတော်မမူမီတိုင်အောင်၊ 
သူတို့သည်ကိုယ်တော်အားအငြိမ်နေစေ ကြလိမ့်မည်မဟုတ်။ 
 8 ထာဝရဘုရားသည်တန်ခိုးကြီးသောလက်ယာ လက်တော်နှင့်ကျိန်ဆိုတော်မူသည်။ 
``သင်၏ကောက်ပဲသီးနှံများသည်ရန်သူတို့အတွက် ရိက္ခာဖြစ်ရတော့မည်မဟုတ်။ 
လူမျိုးခြားတို့သည်လည်းသင်ကြိုးစား၍ 
လုပ်ဆောင်ခဲ့သောစပျစ်ရည်ကိုသောက်ရကြ တော့မည်မဟုတ်။ 
 9 သို့ရာတွင်အသီးအနှံများကိုစိုက်ပျိုး ရိတ်သိမ်း သူသင်တို့သာလျှင်၊ 
ယင်းတို့ကိုစားသုံးကြလျက်၊ထာဝရဘုရား အား ထောမနာပြုရကြလိမ့်မည်။ 
စပျစ်သီးများကိုပြုစုဆွတ်ခူးသူသင်တို့ သာလျှင် 
ငါ၏ဗိမာန်တော်တန်တိုင်းအတွင်း၌ စပျစ်ရည်ကို သောက်ရကြလိမ့်မည်။'' 
 10 ယေရုရှလင်မြို့သူမြို့သားတို့၊ မြို့တွင်းမှ ထွက်ကြလော့။ 
ပြည်တော်ပြန်သင်တို့၏အမျိုးသားများ အတွက် လမ်းကိုဖောက်လုပ်ကြလော့။ 
လမ်းမကြီးကိုပြင်ဆင်ကြလော့။ 
ကျောက်ခဲတို့ကိုဖယ်ရှားပစ်ကြလော့။ 
တိုင်းသူပြည်သားများသိစေရန်အချက်ပြ အလံများတင်ကြလော့။ 
 11 ``သင်တို့၏ကယ်တင်ရှင်ထာဝရဘုရား သည် 
မိမိကယ်တင်တော်မူခဲ့သည့်လူတို့ကို ခေါ်ဆောင်ကာ ကြွလာတော်မူလိမ့်မည်'' ဟု 
ယေရုရှလင်မြို့သားတို့အားပြောပြကြရန်၊ 
ကမ္ဘာသူကမ္ဘာသားအပေါင်းတို့အားထာဝရ ဘုရား ကြေညာလျက်နေတော်မူပါ၏။ 
 12 သင်တို့သည်``ထာဝရဘုရား၏သန့်ရှင်း မြင့်မြတ်သည့် လူမျိုးတော်၊'' 
``ထာဝရဘုရားကယ်တင်တော်မူခဲ့သည့် လူမျိုးတော်'' ဟု 
ခေါ်ဝေါ်သမုတ်ခြင်းကိုခံရကြလိမ့်မည်။ 
ယေရုရှလင်မြို့သည်လည်း``ဘုရားသခင် ချစ်မြတ်နိုးသည့်မြို့'' 
``ဘုရားသခင်စွန့်ပစ်တော်မမူသည့်မြို့'' ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။