3
ကယ်မတော်မူရန်နံနက်ချိန်ဆုတောင်း ပတ္ထနာ2 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်၏သားတော်အဗရှလုံထံမှထွက်ပြေး သောအခါစပ်ဆိုသောဆာလံ။ 
 1 ထာဝရဘုရား၊ ကျွန်တော်မျိုးတွင်ရန်သူများစွာရှိပါ၏။ 
ကျွန်တော်မျိုးတစ်ဘက်၌ထကြွသူများကြပါ၏။ 
 2 သူတို့ကကိုယ်တော်သည်ကျွန်တော်မျိုးကို 
ကူမတော်မူလိမ့်မည်မဟုတ်ကြောင်း ပြောဆိုကြပါ၏။ 
 3 သို့ရာတွင် အို ထာဝရဘုရား၊ 
ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ကျွန်တော်မျိုး အား ဘေးရန်များမှအစဉ်ကွယ်ကာတော်မူပါ၏။ 
ကိုယ်တော်သည်ကျွန်တော်မျိုးအားအောင်ပွဲကို 
ပေးတော်မူလျက်ရဲစွမ်းသတ္တိနှင့်ပြန်လည် ပြည့်ဝစေတော်မူပါ၏။ 
 4 ငါသည်ထာဝရဘုရား၏ထံတော်သို့ကူမ တော်မူရန် ဟစ်အော်တောင်းလျှောက်သည့်အခါ 
ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်ရာတောင်ပေါ်မှ 
ငါ၏ဆုတောင်းပတ္ထနာသံကိုနားညောင်းတော်မူ၏။ 
 5 ထာဝရဘုရားသည်ငါ့ကိုကွယ်ကာ 
စောင့်ထိန်းတော်မူသောကြောင့်ငါသည်လဲလျောင်း အိပ်ပျော်ခွင့်ကိုရရှိ၏။ 
 6 မိမိပတ်လည်တွင်ဝိုင်းရံလျက်ရှိသော 
ရန်သူထောင်သောင်းများစွာတို့ကို ငါသည်မကြောက်။ 
 7 အို ထာဝရဘုရား၊ ကြွလာတော်မူပါ။ 
ကျွန်တော်မျိုး၏ဘုရားသခင်၊ကျွန်တော်မျိုးအား ကယ်တော်မူပါ။ 
ကိုယ်တော်သည်ကျွန်တော်မျိုး၏ရန်သူအပေါင်းတို့၏ ပါးရိုးကိုရိုက်၍သူတို့၏သွားကိုချိုးတော်မူ၏။ 
 8 ထာဝရဘုရားသည်အောင်ပွဲကိုပေးပိုင်သော အရှင်ဖြစ်တော်မူ၏။ 
ကိုယ်တော်၏လူစုတော်အပေါ်သို့ ကောင်းချီးမင်္ဂလာသက်ရောက်ပါစေသော။