7
တရားမျှတမှုအတွက်ဆုတောင်းပတ္ထနာ6 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်သည်ဗင်္ယာမိန်အမျိုးသားကုရှကြောင့်ထာဝရဘုရား၏ရှေ့တော်တွင်ဆိုသောသီချင်း 
 1 ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ကိုယ်တော်၌ကျွန်တော်မျိုးခိုလှုံပါ၏။ 
ကျွန်တော်မျိုးအားလိုက်လံဖမ်းဆီးနေသူအပေါင်းတို့၏လက်မှ 
ကျွန်တော်မျိုးအားကယ်တော်မူပါ။ 
 2 ကယ်ဆယ်တော်မမူပါလျှင်သူတို့သည်ခြင်္သေ့ကဲ့သို့ 
ကျွန်တော်မျိုးအားကယ်မည့်သူမရှိသည့်အရပ်သို့ဆွဲယူကာအပိုင်းပိုင်းကိုက်ဖြတ်ကြပါလိမ့်မည်။ 
 3-4 ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ 
အကယ်၍ကျွန်တော်မျိုးသည်တစ်စုံတစ်ယောက်ကိုပြစ်မှားမိခဲ့လျှင်သော်လည်းကောင်း၊ 
မိတ်ဆွေကိုသစ္စာဖောက်ခဲ့လျှင်သော်လည်းကောင်း၊ 
ရန်သူကိုအကြောင်းမဲ့အကျိုးနည်းစေခဲ့လျှင်သော်လည်းကောင်း 
 5 ရန်သူများသည်ကျွန်တော်မျိုးအားလိုက်၍မီကာသတ်ဖြတ်နိုင်လျက် 
ကျွန်တော်မျိုးကိုမြေပေါ်တွင်ပစ်ထားကြပါစေ။ 
 6 အို ထာဝရဘုရား၊ အမျက်တော်ထွက်၍ထတော်မူပါ။ 
ကျွန်တော်မျိုးအားရန်ဘက်ပြုသူတို့၏ဒေါသကိုဆီးတားတော်မူပါ။ 
နိုးထတော်မူလျက်ကျွန်တော်မျိုးအားကူမတော်မူပါ။ 
တရားမျှတမှုကိုကိုယ်တော်အလိုရှိတော်မူသည်ဖြစ်၍ 
 7 လူအပေါင်းတို့ကိုကိုယ်တော်ရှင်၏ပတ်လည်တွင်စုရုံးစေတော်မူပြီးနောက် 
အထက်အရပ်မှသူတို့အားအုပ်စိုးတော်မူပါ။ 
 8 အို ထာဝရဘုရား၊ 
ကိုယ်တော်ရှင်သည်လူအပေါင်းတို့ကိုတရားစီရင်တော်မူသောအရှင်ဖြစ်တော်မူ၏။ 
ကျွန်တော်မျိုးအပြစ်ကင်းသည်ကိုထောက်ထား၍ 
ကျွန်တော်မျိုးအားမျက်နှာသာပေး၍တရားစီရင်တော်မူပါ။ 
 9 ကိုယ်တော်ရှင်သည်ဖြောင့်မတ်တော်မူသောဘုရားဖြစ်တော်မူပါ၏။ 
လူတို့၏အကြံအစည်များနှင့်လိုအင်ဆန္ဒများကိုလည်းစစ်ဆေးတော်မူပါ၏။ 
သူယုတ်မာတို့၏ဆိုးညစ်မှုကိုဆီးတားတော်မူလျက်၊ 
သူတော်ကောင်းတို့အားကောင်းကျိုးကိုပေးသနားတော်မူပါ။ ✡ ဗျာ၊၂:၂၃။ 
 10 ဘုရားသခင်သည်ငါ့ကိုကွယ်ကာစောင့်ရှောက်တော်မူသောအရှင်ဖြစ်တော်မူ၏။ 
ကိုယ်တော်သည်မိမိစကားကိုနားထောင်သူတို့အားကယ်တော်မူ၏။ 
 11 ဘုရားသခင်သည်ဖြောင့်မှန်စွာတရားစီရင်တော်မူသောအရှင်ဖြစ်တော်မူ၍ 
သူယုတ်မာတို့အားအစဉ်အပြစ်ဒဏ်ချမှတ်တော်မူ၏။ 
 12 အကယ်၍လူတို့သည်နောင်တမရကြပါမူ 
ဘုရားသခင်သည်ဋ္ဌားတော်ကိုသွေးတော်မူ၍ လေးတော်ကိုအဆင်သင့်တင်တော်မူလိမ့်မည်။ 
 13 သေစေတတ်သောလက်နက်များကိုကိုင်ဆောင်တော်မူ၍ 
မီးလျှံထသည့်မြားတော်ကိုချိန်ရွယ်တော်မူ၏။ 
 14 သူယုတ်မာတို့သည်မကောင်းမှုပြုရန်အဘယ်သို့စဉ်းစားကြံစည်သည်ကိုကြည့်လော့။ 
 15 သို့ရာတွင်သူတို့သည်မြေတွင်းကိုနက်စွာတူး၍ 
မိမိတို့တူးသည့်တွင်းများထဲသို့ပင်ကျကြ၏။ 
 16 သို့ဖြစ်၍သူတို့သည်မိမိတို့ပြုသည့်မကောင်းမှုကြောင့်အပြစ်ဒဏ်ခံရကြ၏။ 
မိမိတို့ပြုသည့်အကြမ်းဖက်မှုကြောင့်ဒဏ်ရာရကြ၏။ 
 17 ထာဝရဘုရားသည်တရားမျှတတော်မူသည့်အတွက် 
ငါသည်ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ 
အမြင့်မြတ်ဆုံးသောဘုရားဖြစ်တော်မူသော 
ထာဝရဘုရားကိုထောမနာပြု၍သီချင်းဆိုပါမည်။