16
အနာဂတ်အတွက်ယုံကြည်မျှော်လင့်ချက်14 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသောဆာလံ။ 
 1 အို ဘုရားသခင်၊ 
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ထံတော်တွင် ခိုလှုံပါ၏။ 
သို့ဖြစ်၍ကျွန်တော်မျိုးအားကွယ်ကာစောင့်ရှောက် တော်မူပါ။ 
 2 ``ကိုယ်တော်သည်ကျွန်တော်မျိုး၏အရှင် ဖြစ်တော်မူပါ၏။ 
ကျွန်တော်မျိုးခံစားရသောကောင်းကျိုးချမ်းသာ ဟူသမျှသည် 
ကိုယ်တော်ပေးသနားတော်မူသောအရာများ ဖြစ်ပါ၏'' ဟု 
ထာဝရဘုရားအားငါလျှောက်ထား၏။ 
 3 ထာဝရဘုရားကိုသစ္စာစောင့်သောလူစု တော်သည် ထူးမြတ်လှပါသည်တကား။ 
ငါ၏အနှစ်သက်ဆုံးအရာသည်ထိုသူတို့ နှင့်အတူ နေထိုင်ခွင့်ပင်ဖြစ်ပါ၏။ 
 4 အခြားဘုရားများအားဆည်းကပ်ကိုးကွယ် ကြသော 
သူတို့သည်များစွာဆင်းရဲဒုက္ခရောက်ကြရ လိမ့်မည်။ 
ငါသည်သူတို့၏ယဇ်ပူဇော်မှုများတွင် ပါဝင်လိမ့်မည်မဟုတ်။ 
သူတို့၏ဘုရားများကိုလည်းကိုးကွယ် ဆည်းကပ် လိမ့်မည်မဟုတ်။ 
 5 အို ထာဝဘုရား၊ 
ကျွန်တော်မျိုးမှီခိုရာကိုယ်တော်ရှင်တစ်ပါး သာလျှင် ရှိပါ၏။ 
ကျွန်တော်မျိုးလိုသောအရာရှိသမျှတို့ကိုလည်း ကိုယ်တော်ရှင်ပေးတော်မူပါ၏။ 
ကျွန်တော်မျိုး၏အနာဂတ်သည်ကိုယ်တော်၏ လက်ဝယ်ရှိပါ၏။ 
 6 ကျွန်တော်မျိုးအားကိုယ်တော်ရှင်ပေးတော်မူသော 
ဆုကျေးဇူးတော်များသည် အံ့သြဖွယ်ကောင်းလှပါသည်။ 
ယင်းတို့သည်ကောင်းမြတ်လှပါသည်တကား။ 
 7 ထာဝရဘုရားသည် 
ငါ့ကိုလမ်းပြပို့ဆောင်တော်မူသဖြင့် ငါသည်ကိုယ်တော်အားထောမနာပြု၏။ 
ငါ၏သြတ္တပ္ပစိတ်သည်ညဥ့်အခါငါ့ကို သတိပေးနှိုးဆော်တတ်၏။ 
 8 ထာဝရဘုရားသည်ငါနှင့်အတူရှိတော် မူသည်ကို ငါအစဉ်သိ၏။ 
ကိုယ်တော်သည်ငါ၏အနီး၌ရှိတော်မူသဖြင့် 
အဘယ်အရာမျှငါ့ကိုတုန်လှုပ်စေနိုင်မည် မဟုတ်ပါ။ 
 9 သို့ဖြစ်၍ကျွန်တော်မျိုးသည်ရွှင်လန်းဝမ်းမြောက် ပါ၏။ 
ကျွန်တော်မျိုးသည်ဘေးကင်းလုံခြုံလျက်ရှိပါ၏။ 
 10 အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားမရဏာနိုင်ငံသို့လားရန် 
အခွင့်ပေးတော်မူမည်မဟုတ်သောကြောင့်တည်း။ 
ကျွန်တော်မျိုးသည်အမှုတော်ကိုသစ္စာရှိစွာ ထမ်းခဲ့ပါ၏။ 
ကွန်တော်မျိုးအားသေမင်း၏လက်သို့ အပ်တော်မူမည်မဟုတ်ပါ။✡ တ၊ ၁၃:၃၅။ 
 11 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားအသက်ရှင်ရာ လမ်းကိုပြညွှန်တော်မူလိမ့်မည်။ 
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အနီးတွင် ရှိတော်မူသည်ဖြစ်၍ 
ကျွန်တော်မျိုးသည်ရွှင်လန်းဝမ်းမြောက်၍ ထာဝစဉ်ပျော်မွေ့လျက်ရှိပါ၏။✡ တ၊ ၂:၂၅-၂၈။