20
အောင်ပွဲရရန်ဆုတောင်းပတ္ထနာ18 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသောဆာလံ 
 1 ဒုက္ခရောက်စဉ်အခါအရှင်မင်းကြီး၏ ပတ္ထနာကို 
ထာဝရဘုရားသည်နားညောင်းတော်မူ ပါစေသော။ 
ယာကုပ်ကိုးကွယ်သောဘုရားသခင်သည် အရှင်မင်းကြီးအား 
ကွယ်ကာစောင့်ထိန်းတော်မူပါစေသော။ 
 2 ကိုယ်တော်သည်အရှင်မင်းကြီးအားဗိမာန် တော်ထဲက အကူအညီပေးတော်မူပါစေသော။ 
ဇိအုန်တောင်တော်ပေါ်မှအထောက်အကူ ပေးတော်မူပါစေသော။ 
 3 ကိုယ်တော်သည်အရှင်မင်းကြီး၏ပူဇော် သကာ ရှိသမျှကိုလက်ခံတော်မူလျက် 
မီးရှို့ရာယဇ်အပေါင်းကိုလည်းနှစ်သက် တော်မူပါစေသော။ 
 4 အရှင်မင်းကြီး၏လိုအင်ဆန္ဒကိုပြည့်ဝစေ တော်မူ၍ 
အကြံအစည်ရှိသမျှတို့ကိုလည်းအောင် မြင်စေရန် ကူမတော်မူပါစေသော။ 
 5 ထိုအခါကျွန်တော်မျိုးတို့သည်အရှင်မင်း ကြီး၏ 
အောင်ပွဲအတွက်ရွှင်လန်းဝမ်းမြောက်စွာ ကြွေးကြော်ကြပါလိမ့်မည်။ 
ထာဝရဘုရားအားထောမနာပြုလျက် အရှင် မင်းကြီး၏အောင်ပွဲကိုဆင်နွှဲကြပါလိမ့်မည်။ 
ဘုရားသခင်သည်အရှင်မင်းကြီးတောင်း လျှောက် သမျှကိုပေးသနားတော်မူပါစေသော။ 
 6 ထာဝရဘုရားသည်မိမိဘိသိက်ပေးတော် မူသော 
ဘုရင်အားစစ်ပွဲနိုင်စေတော်မူကြောင်းကို ယခုငါသိ၏။ 
ကိုယ်တော်သည်မင်းကြီး၏ပန်ကြားချက်ကို သန့်ရှင်း မြင့်မြတ်သည့်ကောင်းကင်ဘုံမှကြားတော်မူ၍ 
တန်ခိုးတော်ဖြင့်မင်းကြီးအားအောင်ပွဲကြီး များကို ပေးတော်မူ၏။ 
 7 အချို့သောသူတို့သည်မိမိတို့၏ စစ်ရထားများကိုလည်းကောင်း၊ 
မြင်းများကိုလည်းကောင်းအားကိုးကြ၏။ 
သို့ရာတွင်ငါတို့မူကားငါတို့၏ဘုရားသခင် ထာဝရဘုရားကိုအားကိုးကြ၏။ 
 8 ထိုသူတို့သည်ခြေချော်၍လဲကြလိမ့်မည်။ 
ငါတို့မူကားထ၍ကြံ့ကြံ့ခိုင်ရပ်တည်ကြ လိမ့်မည်။ 
 9 အို ထာဝရဘုရား၊ မင်းကြီးအားအောင်ပွဲကိုပေးတော်မူပါ။ 
ကျွန်တော်မျိုးတို့ခေါ်သောအခါထူးတော်မူပါ။