84
ဘုရားသခင်၏အိမ်တော်ကိုတသခြင်း1 * ဟေဗြဲခေါင်းစဉ်။ အာသပ်စပ်ဆိုသောဆာလံ။ 
 1 အနန္တတန်ခိုးရှင်ထာဝရဘုရား၊ 
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ဗိမာန် တော်ကို အလွန်နှစ်သက်မြတ်နိုးလျက် 
 2 ထိုအရပ်တွင်လွန်စွာနေလိုလှပါသည်။ 
ကျွန်တော်မျိုးသည်ထာဝရဘုရား၏ဗိမာန်တော် တံတိုင်းများကိုတသပါ၏။ 
အသက်ရှင်တော်မူသောဘုရားသခင်အား 
ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါဝမ်း မြောက်စွာ ထောမနာသီချင်းဆိုပါ၏။ 
 3 ကျွန်တော်မျိုး၏ဘုရင်၊ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူသောအနန္တတန်ခိုးရှင်ထာဝရဘုရား၊ 
စာငှက်များနှင့်ဇရက်များပင်လျှင်မိမိတို့၏ အသိုက်အအုံများကို 
ကိုယ်တော်ရှင်၏ယဇ်ပလ္လင်အနီးတွင်ဆောက် လုပ်၍ သားငယ်များကိုထားကြပါ၏။ 
 4 ကိုယ်တော်ရှင်အားအစဉ်မပြတ်ထောမနာ ပြုလျက် 
ဗိမာန်တော်တွင်နေကြသူတို့သည်အလွန်ပင် မင်္ဂလာရှိပါသည်တကား။ 
 5 ကိုယ်တော်ရှင်၏ထံတော်မှခွန်အားစွမ်းရည်ကို ခံယူရရှိသောသူတို့သည်မင်္ဂလာရှိကြပါ၏။ 
သူတို့သည်ဇိအုန်တောင်တော်သို့ခရီးပြုရန် စိတ်ထက်သန်ကြပါ၏။ 
 6 ထိုသူတို့သည်ခြောက်သွေ့နေသည့်ဗာကာ ချိုင့်ဝှမ်းကို ဖြတ်သန်းသွားစဉ်ရေများပေါက်၍လာပါ၏။ 
မိုးဦးရွာသဖြင့်အိုင်များထွန်း၍လာပါ၏။ 
 7 ထိုသူတို့သည်ခရီးပြုရင်းခွန်အားတိုး၍ လာကြပါ၏။ 
ဇိအုန်တောင်တော်ပေါ်တွင်ဘုရားတကာ တို့၏ ဘုရားကိုဖူးမြင်ရကြပါလိမ့်မည်။ 
 8 အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရ ဘုရား၊ 
ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ 
အို ယာကုပ်၏ဘုရားသခင်၊ နားထောင်တော်မူပါ။ 
 9 အို ဘုရားသခင်၊ 
ကိုယ်တော်ရှင်ရွေးချယ်ထားတော်မူသော 
ဘုရင်တည်းဟူသောကျွန်တော်မျိုးတို့ ၏ဘုရင်ကို ကောင်းချီးပေးတော်မူပါ။ 
 10 ကိုယ်တော်ရှင်၏ဗိမာန်တော်တွင်တစ်ရက်မျှ နေရခြင်းသည် 
အခြားသောအရပ်တွင်ရက်ပေါင်းတစ်ထောင် နေရခြင်းထက်သာ၍မြတ်ပါ၏။ 
ဘုရားသခင်၏အိမ်တော်တံခါးစောင့်ဖြစ်ရ ခြင်းသည် 
သူယုတ်မာတို့၏အိမ်တွင်နေရခြင်းထက် သာ၍မြတ်ပါ၏။ 
 11 ထာဝရဘုရားသည်ငါတို့အား 
ကွယ်ကာတော်မူသောအရှင်၊ဘုန်းကြီးတော် မူသော ဘုရင်ဖြစ်တော်မူ၏။ 
ကိုယ်တော်သည်ငါတို့အားသနားကြင်နာ၍ ချီးမြှင့်တော်မူ၏။ 
ကိုယ်တော်သည်မှန်ရာကိုပြုကျင့်သူတို့အား 
ကောင်းမြတ်သည့်အရာများကိုပေးရန်ငြင်း တော်မမူ။ 
 12 အနန္တတန်ခိုးရှင်ဘုရားသခင်၊ 
ကိုယ်တော်ရှင်ကိုကိုးစားသူတို့သည် အလွန်မင်္ဂလာရှိပါသည်တကား။