96
ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူသော ဘုရားသခင် 
(၅ရာ၊ ၁၆:၂၃-၃၃) 
 1 သီချင်းသစ်ကိုဆို၍ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးကူးကြလော့။ 
ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊သီချင်းဆို၍ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း ကြလော့။ 
 2 သီချင်းဆို၍ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ 
ကိုယ်တော်အားထောမနာပြုကြလော့။ 
ကိုယ်တော်သည်ငါတို့အား 
ကယ်တော်မူကြောင်းသတင်းကောင်းကို နေ့စဉ်နေ့တိုင်းပြောကြားကြလော့။ 
 3 လူမျိုးတကာတို့အားကိုယ်တော်၏ ဘုန်းအသရေတော်ကိုလည်းကောင်း၊ 
လူအပေါင်းတို့အားကိုယ်တော်၏ 
အံ့သြဖွယ်ကောင်းသောအမှုတော်တို့ကို လည်းကောင်း ထုတ်ဖော်ကြေညာကြလော့။ 
 4 ထာဝရဘုရားသည်ကြီးမြတ်တော်မူသည် ဖြစ်၍ အလွန်ပင်ထောမနာပြုခြင်းကိုခံထိုက်တော် မူ၏။ 
ကိုယ်တော်သည်ဘုရားတကာတို့ထက် ကြောက်ရွံ့ရိုသေခြင်းကိုခံထိုက်တော်မူ၏။ 
 5 အခြားလူမျိုးအပေါင်းတို့၏ဘုရားများသည် ရုပ်တုများသာဖြစ်ကြ၏။ 
ထာဝရဘုရားမူကားမိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၏။ 
 6 ဘုန်းတော်နှင့်ဂုဏ်တော်သည်ကိုယ်တော်ကို ခြံရံလျက်ရှိ၏။ 
တန်ခိုးတော်နှင့်ဂုဏ်ကြက်သရေတော်သည် ဗိမာန်တော်၌တည်လျက်ရှိ၏။ 
 7 ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့၊ထာဝရ ဘုရားကို ထောမနာပြုကြလော့။ 
ကိုယ်တော်၏ဘုန်းအသရေတော်နှင့်တန်ခိုး အာနုဘော်တော်ကိုထောမနာပြုကြလော့။ 
 8 ထာဝရဘုရား၏ဘုန်းကြီးသောနာမတော်ကို ထောမနာပြုကြလော့။ 
ပူဇော်သကာကိုယူဆောင်၍ကိုယ်တော်၏ ဗိမာန်တော်ထဲသို့ဝင်ကြလော့။ 
 9 သန့်ရှင်းမြင့်မြတ်တော်မူသောအရှင်ကြွလာ တော်မူသောအခါဦးညွှတ်ပျပ်ဝပ်ကြလော့။ 
ကမ္ဘာမြေကြီးသားအပေါင်းတို့၊ကိုယ်တော်၏ ရှေ့တော်၌ကြောက်လန့်တုန်လှုပ်ကြလော့။✡ ဆာ၊ ၂၉:၁-၂။ 
 10 ``ထာဝရဘုရားသည်ရှင်ဘုရင်ဖြစ်တော်မူ၏။ 
ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုခိုင်မြဲစွာ တည်စေတော်မူသည်ဖြစ်၍လှုပ်ရှား၍မရ နိုင်ရာ။ 
ကိုယ်တော်သည်လူအပေါင်းတို့ကိုဖြောင့်မှန်စွာ တရားစီရင်တော်မူလိမ့်မည်'' ဟူ၍ 
လူမျိုးတကာတို့အားပြောကြားကြလော့။ 
 11 အချင်းကုန်းမြေနှင့်ကောင်းကင်တို့၊ရွှင်လန်း ဝမ်းမြောက်ကြလော့။ 
အချင်းပင်လယ်နှင့်ပင်လယ်ထဲရှိ 
သတ္တဝါအပေါင်းတို့၊အသံကျယ်စွာ ကြွေးကြော်ကြလော့။ 
 12 အချင်းလယ်ပြင်နှင့်လယ်ပြင်တွင်ရှိသမျှ သော အရာတို့၊ရွှင်လန်းဝမ်းမြောက်ကြလော့။ 
တော၌ရှိသောသစ်ပင်တို့သည်ရွှင်လန်း ဝမ်းမြောက်စွာကြွေးကြော်ကြလိမ့်မည်။ 
 13 အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကမ္ဘာမြေကြီးကိုအုပ်စိုးရန် 
ကြွလာတော်မူပြီဖြစ်သောကြောင့်တည်း။ 
ကိုယ်တော်သည်ကမ္ဘာသူကမ္ဘာသားတို့အား တရားမျှတစွာအုပ်စိုးတော်မူလိမ့်မည်။