99
ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူသော ဘုရားသခင် 
 1 ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ လူတို့သည်ကြောက်လန့်တုန်လှုပ်ကြကုန်၏။ 
ကိုယ်တော်သည်ခေရုဗိမ်တို့အထက်စံတော် မူ၏။ ကမ္ဘာမြေကြီးသည်တုန်လှုပ်လေ၏။✡ ထွ၊ ၂၅:၂၂။ 
 2 ဇိအုန်တောင်ပေါ်မှာထာဝရဘုရားသည် တန်ခိုးကြီးတော်မူ၏။ 
ကိုယ်တော်သည်လူမျိုးတကာတို့ကို အစိုးရတော်မူ၏။ 
 3 လူအပေါင်းတို့သည်ကိုယ်တော်၏ 
ကြီးမြတ်ကြောက်ရွံ့ဖွယ်ကောင်းသောနာမ တော်ကို ထောမနာပြုကြလိမ့်မည်။ 
ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်တော်မူ၏။ 
 4 တန်ခိုးကြီးတော်မူသောဘုရင်မင်းမြတ်၊ 
ကိုယ်တော်သည်အမှန်တရားကို မြတ်နိုးနှစ်သက်တော်မူပါ၏။ 
ကိုယ်တော်သည်ဣသရေလနိုင်ငံတွင် တရားမျှတမှုစိုးမိုးစေတော်မူပါပြီ။ 
အမှန်တရားနှင့်တရားမျှတမှုကို တည်မြဲစေတော်မူပါပြီ။ 
 5 ငါတို့၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြုကြလော့။ 
ကိုယ်တော်၏ရာဇပလ္လင်တော်ရှေ့၌ ပျပ်ဝပ်ကိုးကွယ်ကြလော့။ 
ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်တော် မူ၏။ 
 6 မောရှေနှင့်အာရုန်တို့သည်ကိုယ်တော်၏ ယဇ်ပုရောဟိတ်များဖြစ်ကြ၏။ 
ရှမွေလသည်လည်းကိုယ်တော်အားဆုတောင်း ပတ္ထနာပြုသူတစ်ဦးဖြစ်ပေသည်။ 
သူတို့သည်ထာဝရဘုရားအား 
ဆုတောင်းပတ္ထနာပြုသောအခါကိုယ်တော် သည် နားညောင်းတော်မူ၏။ 
 7 သူတို့အားကိုယ်တော်သည်မိုးတိမ်တိုက်ထဲက မိန့်မှာတော်မူ၏။ 
သူတို့သည်လည်းကိုယ်တော်ပေးတော်မူသော 
တရားတော်နှင့်ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းကြ၏။✡ ထွ၊ ၃၃:၉။ 
 8 အို ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ 
ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်ခေါ်သော အခါ ထူးတော်မူပါ၏။ 
ထိုသူတို့ပြုသည့်အပြစ်များအတွက် ဒဏ်ခတ်တော်မူသော်လည်း 
သူတို့၏အပြစ်များကိုဖြေလွှတ်တော်မူသော ဘုရားဖြစ်တော်မူပါ၏။ 
 9 ငါတို့၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြုကြလော့။ 
သန့်ရှင်းမြင့်မြတ်သည့်တောင်တော်ပေါ်တွင် ကိုးကွယ်ဝတ်ပြုကြလော့။ 
ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သန့်ရှင်းမြင့်မြတ်တော်မူ၏။