112
သူတော်ကောင်းသည်မင်္ဂလာရှိခြင်း 
 1 ထာဝရဘုရားကိုထောမနာပြုကြလော့။ 
ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ 
ပညတ်တော်တို့ကိုစောင့်ထိန်းရန် အထူးနှစ်သက်သူသည်မင်္ဂလာရှိ၏။ 
 2 ထိုသူ၏သားသမီးတို့သည်တိုင်းပြည်တွင် တန်ခိုးအာဏာရှိကြလိမ့်မည်။ 
သူ၏သားမြေးတို့သည်ကောင်းချီး ခံစားရကြလိမ့်မည်။ 
 3 သူ၏အိမ်ထောင်စုသားတို့သည်ချမ်းသာ ကြွယ်ဝလိမ့်မည်။ 
သူသည်အစဉ်အမြဲကောင်းစားလိမ့်မည်။ 
 4 သနားကြင်နာတတ်၍ကရုဏာနှင့်ပြည့်ဝ လျက် တရားမျှတသောသူတော်ကောင်းတို့အတွက် 
အမှောင်ထဲ၌အလင်းရောင်ပေါ်ထွန်းတတ်၏။ 
 5 ရက်ရောစွာချေးငှားတတ်သောမိမိအလုပ် တွင် ရိုးသားစွာပြုမူတတ်သောသူသည်မင်္ဂလာ ရှိ၏။ 
 6 သူတော်ကောင်းသည်အဘယ်အခါ၌မျှ ဆုံးရှုံးရလိမ့်မည်မဟုတ်။ 
လူတို့သည်သူ့အားအဘယ်အခါ၌မျှ မေ့လျော့ကြလိမ့်မည်မဟုတ်။ 
 7 သို့ဖြစ်၍သူသည်သတင်းဆိုးကိုကြားရန် မကြောက်ရ။ 
သူသည်ထာဝရဘုရားကိုယုံကြည် 
ကိုးစားသူဖြစ်သဖြင့်သူ၏စိတ်နှလုံး သည် တည်ကြည်ခိုင်မြဲပေသည်။ 
 8 သူသည်စိုးရိမ်ပူပန်မှုနှင့်သော်လည်းကောင်း၊ ကြောက်လန့်မှုနှင့်သော်လည်းကောင်းကင်း၏။ 
မိမိ၏ရန်သူများအရေးရှုံးနိမ့်သည်ကိုမုချ တွေ့မြင်ရလိမ့်မည်။ 
 9 သူသည်ချို့တဲ့နွမ်းပါးသူတို့ကိုရက်ရောစွာ ပေးကမ်းတတ်၏။ 
သူသည်အစဉ်သနားကြင်နာတတ်၏။ 
သူသည်တန်ခိုးကြီး၍ရိုသေလေးစားမှုကို ခံရလိမ့်မည်။✡ ၂ကော၊ ၉:၉။ 
 10 သူယုတ်မာတို့သည်ဤအခြင်းအရာကို 
မြင်သောအခါဒေါသထွက်၍အံသွားခဲ ကြိတ်လျက် ပျောက်ကွယ်သွားကြလိမ့်မည်။ 
သူတို့၏အလိုဆန္ဒသည်ပျက်ပြားရလိမ့်မည်။