115
တစ်ဆူတည်းစစ်မှန်သောဘုရား 
 1 အို ထာဝရဘုရား၊ 
ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်နှင့် 
သစ္စာတော်ကြောင့်ကိုယ်တော်တစ်ပါးတည်း ၌သာလျှင် ဘုန်းအသရေရှိတော်မူပါ၏။ 
ကျွန်တော်မျိုးတို့၌ဘုန်းအသရေမရှိပါ။ 
 2 ``သင်တို့၏ဘုရားသည်အဘယ်မှာရှိသနည်း'' ဟု 
လူမျိုးတကာတို့သည်အဘယ်ကြောင့်ငါတို့အား မေးရကြပါသနည်း။ 
 3 ငါတို့ဘုရားသည်ကောင်းကင်ဘုံတွင်ရှိတော်မူ၍ 
အလိုတော်အရခပ်သိမ်းသောအမှုတို့ကို ပြုတော်မူ၏။ 
 4 သူတို့ဘုရားများကားရွှေငွေဖြင့်ပြီး၍ လူ့လက်ဖြင့် ပြုလုပ်သောဘုရားများဖြစ်ကြ၏။ 
 5 ယင်းတို့သည်နှုတ်များပါရှိလျက်နှင့်စကား မပြောနိုင်။ 
မျက်စိများပါရှိလျက်နှင့်မမြင်နိုင်။ 
 6 နားများပါရှိလျက်နှင့်မကြားနိုင်။ 
နှာခေါင်းများရှိပါလျက်နှင့်အနံ့မရနိုင်။ 
 7 လက်များပါရှိလျက်နှင့်မထိမတွေ့နိုင်။ ခြေများရှိပါလျက်နှင့်လမ်းမလျှောက်နိုင်။ 
သူတို့သည်အသံတစ်စုံတစ်ခုကိုမျှ မပြုနိုင်။ 
 8 ထိုရုပ်တုတို့ကိုပြုလုပ်သူများနှင့်ကိုးစား သူတို့သည် 
မိမိတို့ပြုလုပ်သည့်ရုပ်တုများကဲ့သို့ ဖြစ်ကြပါစေသော။✡ ဆာ၊ ၁၃၅:၁၅-၁၈။ ဗျာ၊ ၉:၂၀။ 
 9 ဣသရေလအမျိုးသားတို့၊ထာဝရဘုရား ကို ကိုးစားကြလော့။ 
ကိုယ်တော်သည်သင်တို့ကိုကူမတော်မူ၍ ကာကွယ်စောင့်ရှောက်တော်မူ၏။ 
 10 အချင်းဘုရားသခင်၏ယဇ်ပုရောဟိတ် တို့၊ ထာဝရဘုရားကိုကိုးစားကြလော့။ 
ကိုယ်တော်သည်သင်တို့ကိုကူမတော်မူ၍ ကာကွယ်စောင့်ရှောက်တော်မူ၏။ 
 11 ထာဝရဘုရားကိုကြောက်ရွံ့ရိုသေသူ အပေါင်းတို့၊ ကိုယ်တော်ကိုကိုးစားကြလော့။ 
ကိုယ်တော်သည်သင်တို့ကိုကူမတော်မူ၍ ကာကွယ်စောင့်ရှောက်တော်မူ၏။ 
 12 ထာဝရဘုရားသည်ငါတို့ကိုသတိရတော် မူ၍ ကောင်းချီးပေးတော်မူလိမ့်မည်။ 
ကိုယ်တော်သည်ဣသရေလအမျိုးသားတို့ ကိုလည်းကောင်း၊ဘုရားသခင်၏ 
ယဇ်ပုရောဟိတ်အပေါင်းတို့ကိုလည်း ကောင်း ကောင်းချီးပေးတော်မူလိမ့်မည်။ 
 13 ကိုယ်တော်သည်မိမိအားကြောက်ရွံ့ရိုသေသူ 
အပေါင်းတို့အားယုတ်မြတ်မရွေးကောင်းချီး ပေးတော်မူလိမ့်မည်။✡ ဗျာ၊ ၁၁:၁၈၊ ၁၉:၅။ 
 14 ထာဝရဘုရားသည်သင်တို့နှင့် 
သင်တို့၏သားမြေးတို့အားသားသမီးများကို ပေးတော်မူပါစေသော။ 
 15 ကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုဖန်ဆင်းတော် မူသော 
ထာဝရဘုရားသည်သင်တို့အားကောင်းချီးပေး တော်မူပါစေသော။ 
 16 ကောင်းကင်ကိုထာဝရဘုရားတစ်ပါးတည်း သာလျှင် ပိုင်တော်မူ၏။ 
ကမ္ဘာမြေကြီးကိုမူကားလူသားတို့အား ပေးတော်မူ၏။ 
 17 သေလွန်ကြသူ၊ဆိတ်ငြိမ်ရာသို့ 
သက်ဆင်းကြသူများသည်ထာဝရဘုရားကို ထောမနာမပြုကြ။ 
 18 သို့ရာတွင်အသက်ရှင်နေသူငါတို့မူကား 
ယခုမှစ၍အစဉ်အဆက်ကိုယ်တော်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါမည်။ 
ထာဝရဘုရားအားထောမနာပြုကြလော့။