137
တိုင်းတစ်ပါးတွင်နေရချိန်၌ဣသရေလ အမျိုးသားတို့ညည်းတွားမြည်တမ်းခြင်း 
 1 ဇိအုန်မြို့ကိုသတိရသောအခါ 
ငါတို့သည်ဗာဗုလုံပြည်မြစ်ချောင်းများ အနီးတွင်ထိုင်၍ငိုကြွေးကြ၏။ 
 2 အနီးအနားရှိမိုးမခပင်များတွင်ငါတို့၏ စောင်းများကိုချိတ်ဆွဲထားကြ၏။ 
 3 ငါတို့ကိုဖမ်းသွားကြသူများက``ငါတို့အား 
ဖျော်ဖြေရန်ဇိအုန်မြို့အကြောင်း သီချင်းဆိုပြပါ'' ဟုငါတို့အားခိုင်းကြ၏။ 
 4 ထာဝရဘုရားသခင်၏ဂုဏ်တော်ချီးမွမ်း သီချင်းကို 
ငါတို့သည်အဘယ်သို့လျှင်နိုင်ငံရပ်ခြား၌ ဆိုနိုင်ကြပါမည်နည်း။ 
 5 အို ယေရုရှလင်မြို့၊သင့်ကိုငါမေ့လျော့ပါလျှင် 
ငါသည်စောင်းကိုနောက်တစ်ဖန်အဘယ်အခါ ၌မျှ မတီးနိုင်ဘဲနေပါစေသော။ 
 6 ငါသည်သင့်ကိုသတိမရလျှင်သော်လည်းကောင်း၊ 
သင့်ကိုငါ့အားဝမ်းမြောက်ရွှင်လန်းဆုံးဖြစ်စေသည့် မြို့အဖြစ်ဖြင့် 
အမြတ်တနိုးမထားလျှင်သော်လည်းကောင်း 
ငါသည်နောက်တစ်ဖန်အဘယ်အခါ၌မျှ သီချင်းမဆိုနိုင်ဘဲနေပါစေသော။ 
 7 အို ထာဝရဘုရား၊ ယေရုရှလင်မြို့ကိုသိမ်းယူချိန်၌ 
ဧဒုံအမျိုးသားတို့ပြုသည့်အမှုကို သတိရတော်မူပါ။ 
``ဤမြို့ကိုမြေပြင်နှင့်တပြေးညီအောင် 
ဖြိုဖျက်ကြလော့'' ဟုထိုသူတို့ပြောဆိုခဲ့ကြသော စကားကိုသတိရတော်မူပါ။ 
 8-9 အို ဗာဗုလုန်မြို့၊သင်သည်ဖြိုဖျက်ခြင်းခံရ ပေလိမ့်မည်။ 
ငါတို့ကိုသင်ပြုကျင့်ခဲ့သည့်အမှုအတွက် သင့်အားလက်စားချေသူ၊ 
သင်၏နို့စို့ကလေးတို့ကိုကိုင်၍ကျောက်ပေါ်တွင် ဆောင့်သတ်သူသည်မင်္ဂလာရှိ၏။✡ ဗျာ၊ ၁၈:၆။