12
ကျေးဇူးတော်ချီးမွမ်းသည့်ဋ္ဌမ္မသီချင်း 
 1 ``အို ထာဝရဘုရားကိုယ်တော်ရှင်အား၊ ကျွန်တော်မျိုးထောမနာပြုပါ၏။ 
ကိုယ်တော်ရှင်သည်ယခင်ကကျွန်တော်မျိုးအား အမျက်ထွက်တော်မူခဲ့သော်လည်း၊ 
ယခုအခါအမျက်ထွက်တော်မမူတော့ဘဲ နှစ်သိမ့်မှုကိုပေးတော်မူပါပြီ'' ဟု 
လူတို့သီဆိုကူးဧကြမည့်အချိန်ကာလ ရောက်လာလိမ့်မည်။ 
 2 ``ဘုရားသခင်သည်ငါ၏ကယ်တင်ရှင်ဖြစ် တော်မူ၏။ 
ငါသည်ကိုယ်တော်အားကြောက်လန့်၍မနေဘဲ ယုံကြည်ကိုးစားမည်။ 
ထာဝရဘုရားသည်ငါ့အားတန်ခိုးနှင့် ခွန်အားကို 
ပေးတော်မူသောအရှင်ဖြစ်ပါ၏။ 
ကိုယ်တော်သည်ငါ၏ကယ်တင်ရှင်တည်း။✡ ထွ၊ ၁၅:၂။ ဆာ၊ ၁၁၈:၁၄။ 
 3 ရေကောင်းရေသန့်သည်ရေငတ်သူတို့အား ရွှင်ပြစေသကဲ့သို့ 
ဘုရားသခင်၏လူမျိုးတော်သည်၊ 
ကိုယ်တော်ကယ်တင်တော်မူသောအခါ ရွှင်လန်းဝမ်းမြောက်လိမ့်မည်။ 
 4 ထာဝရဘုရားအားထောမနာပြုကြလော့။ ကူမတော်မူရန်တောင်းလျှောက်ကြလော့။ 
ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို လူမျိုးတကာတို့အားပြောကြားကြလော့။ 
ကိုယ်တော်၏ကြီးမြတ်တော်မူပုံကို သူတို့အားပြောကြားကြလော့'' ဟု 
လူတို့သီဆိုကူးဧမည့်အချိန်ကာလ ကျရောက်လာလိမ့်မည်။ 
 5 ``ကိုယ်တော်ပြုတော်မူသောကြီးမြတ်သည့် အမှုတော်တို့အတွက် 
ထာဝရဘုရား၏ဂုဏ်တော်ကိုချီးကူး သီဆိုကြလော့။ 
ကမ္ဘာသူကမ္ဘာသားအပေါင်းတို့အား ထိုသတင်းကိုကြေညာကြလော့။ 
 6 ဇိအုန်မြို့သူမြို့သားအပေါင်းတို့အား ကြွေးကြော်သီဆိုစေကြလော့။ 
ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သည်ကြီးမြတ်တော်မူ၍၊ 
မိမိလူမျိုးတော်အလယ်၌ကျိန်းဝပ်တော် မူ၏။''