2
ယောန၏ဆုတောင်းပတ္ထနာ 
 1 ထိုနောက်ယောနသည်ငါးကြီး၏ဝမ်းဗိုက် တွင်းမှနေ၍ မိမိ၏ဘုရားသခင်ထာဝရ ဘုရားအား၊ 
 2 ``အို ထာဝရဘုရား၊ 
အကျွန်ုပ်သည်ဘေးနှင့်ကြုံတွေ့နေရသည့်အတွက် ကိုယ်တော်အားဟစ်ခေါ်ခဲ့ပါသည်။ 
ကိုယ်တော်ကလည်းကြားတော်မူပါ၏။ 
အကျွန်ုပ်သည်သေမင်း၏ခံတွင်းမှနေ၍ 
ကိုယ်တော်အားဟစ်အော်သံကိုကိုယ်တော် ကြားတော်မူပါ၏။ 
 3 ကိုယ်တော်သည်အကျွန်ုပ်အားနက်ရှိုင်းသော ပင်လယ်ထဲသို့လည်းကောင်း၊ 
ပင်လယ်အောက်ဆုံးပိုင်းတိုင်အောင်လည်းကောင်း ပစ်ချလိုက်သဖြင့်၊ 
အကျွန်ုပ်မှာပင်လယ်ရေပတ်လည် ဝိုင်းရံခြင်းကိုခံလျက် 
ကိုယ်တော်၏လှိုင်းလုံးကြီးများသည် အကျွန်ုပ်ကိုလွှမ်းမိုးသွားပါသည်။ 
 4 အကျွန်ုပ်သည်ကိုယ်တော်၏မျက်မှောက်မှ နှင်ထုတ်ခြင်းကိုခံရသဖြင့်၊ 
ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဗိမာန် တော်ကို အဘယ်အခါ၌မျှတွေ့မြင်ရတော့မည် မဟုတ်ဟုထင်မှတ်ခဲ့ပါ၏။ 
 5 ရေသည်အကျွန်ုပ်ကိုဝိုင်းရံသဖြင့်အကျွန်ုပ် သည် အသက်ရှူ၍ပင်မရတော့ပါ။ 
ပင်လယ်ရေသည်အကျွန်ုပ်အားလွှမ်းမိုးလျက်၊ ပင်လယ်ဒိုက်ပင်တို့သည်လည်း 
အကျွန်ုပ်၏ဦးခေါင်းကိုရစ်ပတ်ကြပါ၏။ 
 6 အကျွန်ုပ်သည်တောင်များ၏အောက်ခြေသို့ တိုင်အောင်လည်းကောင်း၊ 
ပြန်လမ်းမရှိသည့်မရဏာနိုင်ငံသို့ လည်းကောင်း နစ်မြုပ်သွားပါသည်။ 
သို့ဖြစ်လျက်ပင်အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ 
ကိုယ်တော်သည်အကျွန်ုပ်၏အသက်ကို နက်ရာမှ ကယ်ဆယ်တော်မူခဲ့ပါ၏။ 
 7 အကျွန်ုပ်သည်သေအံ့ဆဲဆဲအချိန်တွင် 
အို ထာဝရဘုရား၊ ကိုယ်တော်၏ထံတော်သို့ဆုတောင်းခဲ့ပါ၏။ 
ကိုယ်တော်သည်လည်းကိုယ်တော်၏ 
သန့်ရှင်းမြင့်မြတ်သောဗိမာန်တော်မှ အကျွန်ုပ်၏ ဆုတောင်းပတ္ထနာသံကိုကြားတော်မူပါ၏။ 
 8 အချည်းနှီးဖြစ်သောရုပ်တုများကို 
ကိုးကွယ်သူတို့သည်ကိုယ်တော်၏အပေါ်တွင် သစ္စာမဲ့ကြပါ၏။ 
 9 သို့ရာတွင်အကျွန်ုပ်တို့သည်အရှင်၏ ဂုဏ်တော်ကိုချီးကူးပါမည်။ 
ကိုယ်တော်အားယဇ်ပူဇော်ပါမည်။ 
ထို့ပြင်အကျွန်ုပ်ပြုခဲ့သည့်သစ္စာကတိ အတိုင်း လိုက်နာပါမည်။ 
အကြောင်းမှာကယ်တင်ခြင်းအမှုသည် 
ထာဝရဘုရားထံတော်မှလာပါသည်'' ဟု ဆုတောင်းပတ္ထနာပြုလေ၏။ 
 10 ထိုအခါထာဝရဘုရားသည်ငါးကြီး အားအမိန့်ပေးသဖြင့် ငါးကြီးသည်ယောန အားကုန်းပေါ်သို့အန်ထုတ်လေ၏။