9
တရားမျှတမှုအတွက်ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းခြင်း8 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသောဆာလံ။ 
 1 အို ထာဝရဘုရား၊ 
ကျွန်တော်မျိုးသည်စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ရှင်အားထောမနာပြုပါမည်။ 
ကိုယ်တော်ရှင်ပြုတော်မူသောအံ့သြဖွယ် အမှုအရာများကိုဖော်ပြပါမည်။ 
 2 ကိုယ်တော်ရှင်ကိုအမှီပြု၍ဝမ်းမြောက်ရွှင်လန်းစွာ သီချင်းဆိုပါမည်။ 
အနန္တတန်ခိုးရှင်ဘုရားသခင်၊ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်အားထောမနာသီချင်းဆိုပါမည်။ 
 3 ကိုယ်တော်ရှင်ကြွလာတော်မူသောအခါ၊ 
ကျွန်တော်မျိုး၏ရန်သူများသည်ဆုတ်ခွာ ထွက်ပြေးကြပါ၏။ 
သူတို့သည်လဲကျသေဆုံးကြပါ၏။ 
 4 ကိုယ်တော်ရှင်သည်ပလ္လင်တော်ပေါ်တွင်စံတော်မူ၍ ဖြောင့်မှန်စွာတရားစီရင်တော်မူ၏။ 
ကျွန်တော်မျိုး၏အကျိုးကိုထောက်လျက် တရားစီရင်တော်မူပါပြီ။ 
 5 ကိုယ်တော်ရှင်သည်ဘုရားမဲ့သူတို့အား အပြစ်ဒဏ်စီရင်တော်မူပြီ။ 
သူယုတ်မာတို့အားဖျက်ဆီးပစ်တော်မူသဖြင့် 
သူတို့၏အမျိုးသည်တိမ်ကောသွားလိမ့်မည်။ 
 6 ကျွန်တော်မျိုးတို့၏ရန်သူများသည်ထာဝစဉ် အရေးရှုံးနိမ့်ကြလေပြီ၊ 
ကိုယ်တော်ရှင်သည်သူတို့၏မြို့ကြီးများကို ဖြိုဖျက်တော်မူသဖြင့် 
ယင်းတို့အားမေ့လျော့လျက်လုံးဝ ကွယ်ပျောက်သွားလေပြီ။ 
 7 သို့ရာတွင်ထာဝရဘုရားမူကားထာဝရ ဘုရင် ဖြစ်တော်မူ၏။ 
ကိုယ်တော်သည်တရားစီရင်ရန်ပလ္လင်တော်ကို တည်တော်မူလေပြီ။ 
 8 လောကကိုတရားသဖြင့်အုပ်စိုးတော်မူ၍ 
လူမျိုးအပေါင်းတို့အားဖြောင့်မှန်စွာ တရားစီရင်တော်မူ၏။ 
 9 ထာဝရဘုရားသည်ဖိစီးနှိပ်စက်ခြင်း ခံရသူတို့၏ခိုလှုံရာ၊ 
ဆင်းရဲဒုက္ခရောက်ချိန်များ၌ဘေးလွတ်လုံခြုံရာ ဖြစ်တော်မူ၏။ 
 10 အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ကိုသိကျွမ်းသူတို့သည် 
ကိုယ်တော်ရှင်အားယုံကြည်ကိုးစားကြပါ လိမ့်မည်။ 
ကိုယ်တော်ရှင်သည်အထံတော်သို့ချဉ်းကပ်သူ မှန်သမျှကိုစွန့်ပစ်တော်မမူပါ။ 
 11 ဇိအုန်မြို့တော်တွင်စိုးစံတော်မူသော 
ထာဝရဘုရားကိုထောမနာသီချင်းဆို ကြလော့။ 
ကိုယ်တော်ပြုတော်မူသောအမှုအရာများကို လူမျိုးတကာတို့အားဖော်ပြကြလော့။ 
 12 ထာဝရဘုရားသည်ဒုက္ခရောက်သောသူတို့ကို သတိရတော်မူ၏။ 
သူတို့၏အော်ဟစ်သံကိုမေ့တော်မမူ။ 
သူတို့အားမတရားပြုသောသူတို့ကို အပြစ်ဒဏ်ခတ်တော်မူ၏။ 
 13 အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားသနားတော်မူပါ။ 
ရန်သူများကြောင့်ကျွန်တော်မျိုးအဘယ်မျှ ဆင်းရဲ ဒုက္ခခံရကြောင်းကိုရှုမှတ်တော်မူပါ။ 
အို ထာဝရဘုရား 
ကျွန်တော်မျိုးအားသေဘေးမှကယ်ဆယ်တော် မူပါ။ 
 14 သို့မှသာလျှင်ကျွန်တော်မျိုးသည် ယေရုရှလင်မြို့သားတို့၏ရှေ့တွင်ရပ်လျက် 
ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်အပေါင်းကို ဖော်ပြနိုင်ပါလိမ့်မည်။ 
ကိုယ်တော်၏ကယ်တင်ခြင်းကျေးဇူးတော် ကြောင့် ကျွန်တော်မျိုးရွှင်လန်းဝမ်းမြောက်ပါမည်။ 
 15 ဘုရားမဲ့သူတို့သည်မိမိတို့တူးသောကျင်း ထဲသို့ ပြန်၍ကျကြလေပြီ။ 
မိမိတို့ထောင်ထားသောကျော့ကွင်းတွင်း၌ ပင်လျှင် ပြန်၍မိကြလေပြီ။ 
 16 ထာဝရဘုရားသည်ဖြောင့်မှန်စွာ 
တရားစီရင်တော်မူခြင်းအားဖြင့်မိမိကိုယ် ကို ပေါ်လွင်ထင်ရှားစေတော်မူပြီ။ 
သူယုတ်မာတို့သည်မိမိတို့၏အကျင့်များ အားဖြင့် ပြန်၍ကျော့မိကြကုန်၏။ 
 17 ထာဝရဘုရားကိုပစ်ပယ်သူအပေါင်းနှင့် 
သူယုတ်မာတို့သည်သေခြင်းတွင် လမ်းဆုံးရကြလိမ့်မည်။ 
 18 ထာဝရဘုရားသည်ချို့တဲ့နွမ်းပါးသူတို့ကို 
အစဉ်အမြဲမေ့လျော့တော်မူလိမ့်မည်မဟုတ်။ 
ဆင်းရဲသောသူတို့သည်လည်းထာဝစဉ် မျှော်လင့်ရာမဲ့ဖြစ်ရကြလိမ့်မည်မဟုတ်။ 
 19 အို ထာဝရဘုရား၊ ကြွလာတော်မူပါ။ 
ကိုယ်တော်ရှင်အားလူတို့အာခံရန် ခွင့်ပြုတော်မမူပါနှင့်။ 
ဘုရားမဲ့သူတို့အားရှေ့တော်သို့ခေါ်ဆောင်၍ တရားစီရင်တော်မူပါ။ 
 20 အို ထာဝရဘုရား၊ သူတို့အားကြောက်လန့်စေတော်မူပါ။ 
မိမိတို့သည်လူမျှသာဖြစ်ကြောင်းကို သိစေတော်မူပါ။