32
အပြစ်ဖော်ပြဝန်ခံခြင်းနှင့် အပြစ်ဖြေလွှတ်ခြင်း10 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသောဆာလံ။ 
 1 မိမိ၏အပြစ်များမှဖြေလွှတ်ခြင်းခံရ၍ 
ကူးလွန်မှုများအတွက်လွတ်ငြိမ်းချမ်းသာခွင့် ရသောသူသည်မင်္ဂလာရှိ၏။ 
 2 မကောင်းမှုပြုသူဟုထာဝရဘုရား အပြစ်တင် တော်မူခြင်းကိုမခံရဘဲ 
လိမ်လည်လှည့်စားမှုမှန်သမျှနှင့်ကင်းစင်သူသည် မင်္ဂလာရှိ၏။✡ ရော၊ ၁၄:၇-၈။ 
 3 ကျွန်တော်မျိုးသည်မိမိ၏အပြစ်များကို မဖော်ပြ၊ဝန်မခံဘဲနေသောအခါ 
တစ်နေ့လုံးငိုကြွေးရသဖြင့်မောပန်းနွမ်းနယ် ခဲ့ပါ၏။ 
 4 အို ထာဝရဘုရား၊ 
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားနေ့ရောညပါ အပြစ်ဒဏ်ပေးတော်မူပါ၏။ 
နွေရာသီအပူရှိန်ကြောင့်အစိုဋ္ဌာတ်သည် ခန်းခြောက်သွားသကဲ့သို့ 
ကျွန်တော်မျိုး၏အားအင်သည်လည်း လုံးဝခန်းသွားပါ၏။ 
 5 ထိုအခါကျွန်တော်မျိုးသည်မိမိ၏အပြစ် များကို ကိုယ်တော်၏ထံတွင်ဖော်ပြဝန်ခံပါ၏။ 
ကျွန်တော်မျိုးပြုမိသည့်အမှားများကို အထံတော်မှဖုံးကွယ်၍မထားပါ။ 
ယင်းတို့ကိုကိုယ်တော်အားဖော်ပြဝန်ခံရန် ကျွန်တော်မျိုးစိတ်ပိုင်းဖြတ်လိုက်ပါ၏။ 
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကူးလွန်မှု ရှိသမျှတို့အတွက်အပြစ်ဖြေလွှတ်တော် မူပါ၏။ 
 6 သို့ဖြစ်၍ကိုယ်တော်ရှင်အားသစ္စာစောင့်သူတို့သည် အရေးကြုံသည့်အခါများ၌ 
အထံတော်သို့ဆုတောင်းပတ္ထနာပြုသင့်ကြ ပါသည်။ 
အဟုန်ပြင်းစွာလွှမ်းမိုး၍လာသောရေသည် သူတို့ထံသို့ရောက်ရှိလိမ့်မည်မဟုတ်ပါ။ 
 7 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ဖြစ်တော်မူပါ၏။ 
ကျွန်တော်မျိုးအားဒုက္ခမှကယ်တော်မူလိမ့်မည်။ 
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကိုကွယ်ကာ စောင့်ရှောက်တော်မူသဖြင့် 
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ 
ကယ်တင်ခြင်းကျေးဇူးတော်အကြောင်းကို အသံကျယ်စွာသီချင်းဆိုပါမည်။ 
 8 ထာဝရဘုရားက 
``ငါသည်သင်လိုက်လျှောက်သင့်သည့်လမ်းကို ပြညွှန်မည်။ 
သင့်အားအကြံဉာဏ်ပေး၍ကြည့်ရှုပြုစုမည်။ 
 9 သင်သည်ဇက်နှင့်ဇက်ကြိုးဖြင့်ထိန်းရသော 
မြင်းသို့မဟုတ်လားကဲ့သို့ဉာဏ်မတုံးနှင့်'' ဟု မိန့်တော်မူ၏။ 
 10 သူယုတ်မာတို့သည်ဒုက္ခရောက်ကြရလိမ့်မည်။ 
သို့ရာတွင်ဘုရားသခင်ကိုကိုးစားသူတို့မူကား 
ခိုင်မြဲသောမေတ္တာတော်ဖြင့်ကွယ်ကာခြင်းကို ခံရ၏။ 
 11 အို သူတော်ကောင်းအပေါင်းတို့၊ 
ထာဝရဘုရားပြုတော်မူသောအမှုတော် အတွက် ဝမ်းမြောက်ရွှင်မြူးကြလော့။ 
ကိုယ်တော်၏စကားကိုနားထောင်သူအပေါင်းတို့၊ ရွှင်လန်းစွာကြွေးကြော်ကြလော့။