45
မင်းကြီး၏ထိမ်းမြားမင်္ဂလာပွဲသီချင်း1 * ဟေဗြဲခေါင်းစဉ်။ ကောရ၏သားများစပ်ဆိုသောကဗျာ၊ချစ်သူ သီချင်း။ 
 1 မင်းကြီး၏အတွက်ဤသီချင်းကိုငါရေးစပ်နေစဉ် 
ငါ၏စိတ်နှလုံးသည်မင်္ဂလာစကားများနှင့် ပြည့်လျှံလျက်ရှိပါ၏။ 
ငါ၏နှုတ်သည်စာရေးဆရာကောင်းတစ် ယောက်၏ ကလောင်နှင့်တူပါ၏။ 
 2 အရှင်မင်းကြီးသည်လူတကာတို့ထက် အဆင်းလှပါ၏။ 
မွန်မြတ်သောစကားကိုမိန့်မြွက်တော်မူတတ်ပါ၏။ 
သို့ဖြစ်၍ဘုရားသခင်၏ကောင်းချီးမင်္ဂလာကို ထာဝစဉ်ခံစားတော်မူရပါ၏။ 
 3 တန်ခိုးကြီးတော်မူသောအရှင်၊ဋ္ဌားတော်ကို တပ်ဆင်တော်မူပါ။ 
အရှင်မင်းကြီးသည်တန်ခိုးတော်၊ ဘုန်းအသရေတော်နှင့်ပြည့်စုံတော်မူပါ၏။ 
 4 သစ္စာတရားနှင့်တရားမျှတမှုစိုးမိုးရေး အတွက် 
ဘုန်းအသရေတော်နှင့်တကွချီတက်တိုက် ခိုက်၍ အောင်ပွဲခံတော်မူပါ။ 
အရှင်မင်းကြီးသည်မိမိ၏စွမ်းရည်အားဖြင့် အောင်ပွဲကြီးများကိုခံရပါလိမ့်မည်။ 
 5 မြားတော်တို့သည်ထက်သည်ဖြစ်၍ရန်သူတို့၏ နှလုံးသားကိုထိုးဖောက်ပါ၏။ 
လူမျိုးတကာတို့သည်ခြေတော်ရင်း၌လဲကြ ပါ၏။ 
 6 အရှင်မင်းကြီးအားဘုရားသခင် 
ပေးအပ်တော်မူသောရာဇပလ္လင်သည် ကာလအစဉ်အဆက်တည်လိမ့်မည်။ 
အရှင်မင်းကြီးသည်မိမိ၏တိုင်းနိုင်ငံကို တရားမျှတစွာအုပ်စိုးတော်မူပါ၏။ 
 7 အမှန်တရားကိုနှစ်သက်၍ဆိုးညစ်မှုကို မုန်းတော်မူပါ၏။ 
သို့ဖြစ်သောကြောင့်အရှင်မင်းကြီး၏ ဘုရားတည်းဟူသောဘုရားသခင်သည် 
အရှင်မင်းကြီးအားရွေးချယ်တော်မူပြီးလျှင် အခြားဘုရင်အပေါင်းတို့ထက် 
ချီးမြှောက်၍ဝမ်းမြောက်ခြင်းတည်းဟူသော ဆီကိုသွန်းတော်မူပါပြီ။✡ ဟေဗြဲ၊ ၁:၈-၉။ 
 8 အရှင်မင်းကြီး၏ဝတ်လဲတော်တို့သည် မုရန်၊အကျော်၊ သစ်ကြပိုးရနံ့တို့ဖြင့်မွှေးကြိုင်လျက်ရှိပါ၏။ 
ဂီတပညာသည်တို့သည်ဆင်စွယ်နန်းတော်များတွင် အရှင်မင်းကြီးအားဖျော်ဖြေကြပါ၏။ 
 9 အရှင်မင်းကြီး၏မောင်းမတော်တို့တွင် အပြည်ပြည်မှမင်းသမီးများပါဝင်ပါ၏။ 
ရာဇပလ္လင်တော်၏လက်ယာဘက်တွင် 
ရွှေစင်ဖြင့်ပြီးသောတန်ဆာများကိုဆင်ယင်ကာ မိဖုရားကြီးသည်ရှိနေပါ၏။ 
 10 အရှင်မင်းကြီး၏ကြင်ရာတော်လောင်း၊ နားထောင်ပါလော့။ 
သင်သည်ကိုယ့်အမျိုးသားများနှင့်ဆွေမျိုးတို့ကို မေ့ပစ်ပါလော့။ 
 11 သင်၏လှပသောအဆင်းသည်မင်းကြီးအား သင့်ကိုနှစ်သက်စွဲလန်းစေလိမ့်မည်။ 
မင်းကြီးသည်သင်၏အရှင်သခင်ဖြစ်သဖြင့် သင်သည်သူ၏စကားကိုနားထောင်ရမည်။ 
 12 တုရုပြည်သားတို့သည်သင့်ထံမှမျက်နှာ ရအောင် ကြိုးစားကြလိမ့်မည်။ 
ချမ်းသာကြွယ်ဝသူတို့သည်သင့်ထံမှ မျက်နှာရအောင်ကြိုးစားကြလိမ့်မည်။ 
 13 မင်းသမီးသည်နန်းတွင်းသို့ရောက်လေပြီ။ 
သူသည်အလွန်လှပတင့်တယ်ပါသည်တကား။ 
သူ၏ဝတ်လဲတော်ကိုရွှေချည်ဖြင့် ရက်လုပ်ထားပေသည်။ 
 14 သူသည်အရောင်အဝါတောက်ပသည့် အဝတ်တန်ဆာကိုဝတ်ဆင်ထား၏။ 
သူ့ကိုအပျိုရံများလိုက်ပါလျက်မင်းကြီး ထံသို့ ခေါ်ဆောင်ခဲ့ကြ၏။ 
အပျိုရံများကိုလည်းမင်းကြီးထံသို့ ခေါ်ဆောင်ခဲ့ကြ၏။ 
 15 သူတို့သည်ဝမ်းမြောက်ပျော်ရွှင်စွာ 
လာရောက်ကြပြီးလျှင်မင်းကြီး၏နန်းတော်သို့ ဝင်ကြ၏။ 
 16 ကျွန်တော်မျိုး၏အရှင်မင်းမြတ်၊ဘိုးတော် တို့၏ အရိုက်အရာကိုဆက်ခံရန်အတွက် 
အရှင်မင်းကြီးမှာသားရတနာမြောက်မြားစွာ ထွန်းကားပါလိမ့်မည်။ 
အရှင်မင်းကြီးသည်သူတို့အားကမ္ဘာအရပ် ရပ်တွင် စိုးမိုးအုပ်ချုပ်မင်းလုပ်စေတော်မူလိမ့်မည်။ 
 17 ကျွန်တော်မျိုး၏သီချင်းသည်အရှင်မင်း ကြီးအား ထာဝစဉ်ထင်ပေါ်ကျော်ကြားစေပါလိမ့်မည်။ 
လူအပေါင်းတို့သည်လည်းအရှင်မင်းကြီးအား ကာလအစဉ်အဆက်ချီးမွမ်းကြပါလိမ့်မည်။