76
အောင်ပွဲရဘုရားသခင်13 * ဟေဗြဲခေါင်းစဉ်။ အာသပ်စပ်ဆိုသောဆာလံ။ 
 1 ယုဒပြည်တွင်ဘုရားသခင်ကိုသိကြ၏။ 
ဣသရေလပြည်တွင်ကိုယ်တော်၏နာမတော်သည် ကြီးမြတ်တော်မူ၏။ 
 2 ကိုယ်တော်၏အိမ်တော်သည်ယေရုရှလင်မြို့တွင် ရှိပေသည်။ 
ကိုယ်တော်သည်ဇိအုန်တောင်ပေါ်တွင် ကိန်းဝပ်တော်မူ၏။ 
 3 ထိုအရပ်တွင်ကိုယ်တော်သည်ရန်သူတို့၏ 
မြား၊ဒိုင်းလွှား၊ဋ္ဌားနှင့်လက်နက်ရှိသမျှတို့ကို ချိုးဖျက်တော်မူ၏။ 
 4 အို ဘုရားသခင်၊ 
ကိုယ်တော်သည်လွန်စွာဘုန်းတန်ခိုးကြီး ပါသည်တကား။ 
ရန်သူတို့ကိုနှိမ်နင်းရာတောင်ရိုးများမှ 
ကိုယ်တော်ပြန်လည်ကြွလာတော်မူသည်မှာ ဂုဏ်ကျက်သရေရှိလှပါသည်တကား။ 
 5 ရန်သူတို့၏ရဲရင့်သည့်စစ်သည်များသည် မိမိတို့၌ရှိသည့်ပစ္စည်းဥစ္စာများကို 
ဆုံးရှုံးရကြလျက်ယခုအခါ သေဆုံးကြလေကုန်ပြီ။ 
သူတို့၏စွမ်းအားနှင့်ကျွမ်းကျင်မှုတို့သည် အချည်းနှီးသာဖြစ်ခဲ့သည်။ 
 6 အို ယာကုပ်၏ဘုရားသခင်၊ 
ကိုယ်တော်ရှင်ခြိမ်းခြောက်တော်မူလိုက်သော အခါ၊ 
မြင်းများနှင့်မြင်းစီးသူရဲတို့သည်လဲကျ သေဆုံးကြပါ၏။ 
 7 သို့ရာတွင် အို ထာဝရဘုရား၊ 
ကိုယ်တော်အားလူအပေါင်းတို့သည် ကြောက်လန့်ကြပါ၏။ 
ကိုယ်တော်ရှင်အမျက်ထွက်တော်မူသောအခါ 
အဘယ်သူသည်ရှေ့တော်တွင် ရပ်တည်နိုင်ပါမည်နည်း။ 
 8-9 ကိုယ်တော်ရှင်သည်မိမိ၏စီရင်ချက်ကို ကောင်းကင်ဘုံမှကြေညာတော်မူပါ၏။ 
ကိုယ်တော်ရှင်သည်ကမ္ဘာပေါ်ရှိဖိနှိပ်ညှဉ်းပန်း ခြင်း ခံရကြသူတို့အားကယ်တော်မူရန်အတွက် 
ထ၍စီရင်ချက်ချမှတ်တော်မူသောအခါ၊ ကမ္ဘာသည် ကြောက်လန့်၍ဆိတ်ဆိတ်နေကြပါ၏။ 
 10 လူတို့၏ဒေါသသည်ကိုယ်တော်ရှင်အားပို၍ 
ထောမနာပြုခြင်းအကျိုးကိုဖြစ်ပေါ်စေပါ လိမ့်မည်။ 
စစ်ပွဲတွင်မသေဘဲအသက်ရှင်ကျန်ရစ်သူတို့သည် 
ကိုယ်တော်၏ပွဲတော်များကိုစောင့်ထိန်း ကြပါလိမ့်မည်။ 
 11 သင်တို့၏ဘုရားသခင်ထာဝရဘုရားအား ထားရှိခဲ့သည့်ကတိသစ္စာဝတ်ကိုဖြေကြလော့။ 
နီးနားဝန်းကျင်ရှိလူမျိုးတကာတို့၊ 
ကိုယ်တော်၏ထံတော်သို့လက်ဆောင်ပဏ္ဏာများကို ယူဆောင်ခဲ့ကြလော့။ 
ဘုရားသခင်သည်မိမိအားလူတို့ ကြောက်လန့်စေတော်မူ၏။ 
 12 ကိုယ်တော်သည်မာန်မာနကြီးသူမင်းသား တို့၏ 
စိတ်ကိုနှိမ့်ချတော်မူလျက်ဘုန်းကြီးသည့် ဘုရင်တို့အားထိတ်လန့်တုန်လှုပ်စေတော်မူ၏။