85
နိုင်ငံ၏အကျိုးစီးပွားအတွက်ဆုတောင်းပတ္ထနာ2 * ဟေဗြဲခေါင်းစဉ်။ ကောရ၏သားများစပ်ဆိုသောဆာလံ။ 
 1 အို ထာဝရဘုရား၊ 
ကိုယ်တော်ရှင်သည်မိမိ၏ပြည်တော်ကို သနားတော်မူပါပြီ။ 
ဣသရေလအမျိုးသားတို့အားတစ်ဖန် ပြန်လည်ချမ်းသာကြွယ်ဝစေတော်မူပါပြီ။ 
 2 ကိုယ်တော်သည်မိမိလူစုတော်၏အပြစ် များကို 
ဖြေလွှတ်တော်မူ၍သူတို့၏အမှားများကို ခွင့်လွှတ်တော်မူပါပြီ။ 
 3 သူတို့အားအမျက်ထွက်တော်မမူတော့ဘဲ 
ကိုယ်တော်၏ပြင်းထန်သောအမျက်ပြေတော် မူပါပြီ။ 
 4 ကျွန်တော်မျိုးတို့၏ကယ်တင်ရှင်ဘုရားသခင်၊ ကျွန်တော်မျိုးတို့အားပြန်လာစေတော်မူပါ။ 
ကျွန်တော်မျိုးတို့အားမနှစ်သက်မှုရှိတော် မမူပါနှင့်။ 
 5 ကိုယ်တော်ရှင်သည်အစဉ်အမြဲအမျက်ထွက်၍ နေတော်မူပါမည်လော။ 
အမျက်တော်သည်အဘယ်အခါ၌မျှ ပြေတော်မမူတော့ပြီလော။ 
 6 ကျွန်တော်မျိုးတို့ကိုအားသစ်လောင်းတော် မူပါ။ 
သို့ပြုတော်မူပါလျှင်ကိုယ်တော်ရှင်၏ 
လူစုတော်ဖြစ်သောကျွန်တော်မျိုးတို့သည် ကိုယ်တော်ရှင်အားထောမနာပြုကြပါမည်။ 
 7 အို ထာဝရဘုရား၊ 
ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ကို 
ပြတော်မူ၍ကျွန်တော်မျိုးတို့အား ကယ်တင်တော်မူပါ။ 
 8 ငါသည်ထာဝရအရှင်ဘုရားသခင် 
မိန့်တော်မူသည်ကိုနားထောင်လျက်နေ၏။ 
ငါတို့သည်မိုက်မဲသောလမ်းစဉ်ကိုစွန့်ပစ်ပါလျှင် ကိုယ်တော်သည်မိမိ၏လူစုတော်တည်းဟူသော 
ငါတို့အားငြိမ်းချမ်းသာယာမှုကိုပေးတော် မူမည်ဟု ကတိပြုတော်မူပါ၏။ 
 9 ကိုယ်တော်သည်မိမိအားကြောက်ရွံ့ရိုသေသော 
သူတို့ကိုကယ်တော်မူရန်အမှန်ပင် အသင့်ရှိတော်မူ၏။ 
ကိုယ်တော်၏ဘုန်းအသရေတော်သည်လည်း ငါတို့ပြည်တွင်ကျိန်းဝပ်လျက်နေလိမ့်မည်။ 
 10 မေတ္တာနှင့်သစ္စာသည်ဆုံမိကြလိမ့်မည်။ 
တရားမျှတမှုနှင့်ငြိမ်းချမ်းသာယာမှုသည် ဖက်ယမ်းကြလိမ့်မည်။ 
 11 လူတို့သစ္စာစောင့်မှုသည်ကမ္ဘာလောကမှ ပေါ်ထွက်လာ၍ 
ဘုရားသခင်၏တရားမျှတမှုသည် ကောင်းကင်ဘုံမှငုံ့ကြည့်လိမ့်မည်။ 
 12 ထာဝရဘုရားသည်ငါတို့အား ကြွယ်ဝချမ်းသာစေတော်မူလိမ့်မည်။ 
ငါတို့၏ပြည်သည်လည်းကောက်ပဲသီးနှံ များစွာထွက်လိမ့်မည်။ 
 13 တရားမျှတမှုသည်ထာဝရဘုရား၏ 
ရှေ့တော်ပြေးဖြစ်၍ကြွလာတော်မူရာလမ်း ခရီးကို ကြိုတင်ပြင်ဆင်ပေးလိမ့်မည်။