35
သန့်ရှင်းမြင့်မြတ်ရာသို့သွားသည့်လမ်းခရီး 
 1-2 ကန္တာရသည်ရွှင်မြူးလိမ့်မည်။ 
မြေရိုင်းများတွင်လည်းပန်းများပွင့်လိမ့်မည်။ 
ကန္တာရသည်ဝမ်းမြောက် ရွှင်လန်းသဖြင့် 
သီချင်းဆိုကြွေးကြော်လိမ့်မည်။ 
လေဗနုန်တောင်ကဲ့သို့လှပတင့်တယ်လျက် 
ကာရမေလနှင့်ရှာရုန်တောင်ကုန်း 
လယ်ယာများကဲ့သို့အသီးအနှံများ ဝေဆာလျက် ရှိလိမ့်မည်။ 
လူအပေါင်းတို့သည်ဘုရားသခင်၏ ဘုန်းအသရေတော်ကိုလည်းကောင်း၊ 
ကိုယ်တော်၏တန်ခိုးအာနုဘော်တော်ကို လည်းကောင်း ဖူးမြင်ရကြလိမ့်မည်။ 
 3 နွမ်းနယ်လျက်ရှိသည့်လက်တို့ကိုလည်းကောင်း၊ 
အားနည်းတုန်လှုပ်လျက်နေသည့် ဒူးတို့ကိုလည်းကောင်းအားဖြည့်၍ပေးကြလော့။✡ ဟေဗြဲ၊ ၁၂:၁၂။ 
 4 စိတ်ပျက်အားလျော့၍နေသူအပေါင်းတို့အား ``ကြံ့ခိုင်မှုရှိကြလော့။ 
မကြောက်ကြနှင့်ဘုရားသခင်သည် 
သင်တို့ကိုကယ်ဆယ်ရန် ကြွလာတော်မူလိမ့်မည်။ 
သင်တို့၏ရန်သူများအားလည်း လက်စားချေတော်မူလိမ့်မည်'' ဟု ပြောကြားကြလော့။ 
 5 မျက်မမြင်တို့သည်မျက်စိမြင်ကြလိမ့်မည်။ 
နားပင်းသူတို့သည်လည်းနားကြားကြလိမ့်မည်။✡ မ၊ ၁၁:၅။ လု၊ ၇:၂၂။ 
 6 ခြေမစွမ်းမသန်သူတို့သည် ခုန်ကြလိမ့်မည်။ 
ဆွံ့အသူတို့သည်လည်းဝမ်းမြောက်ရွှင်လန်းစွာ ကြွေးကြော်ကြလိမ့်မည်။ 
ကန္တာရ၌စမ်းရေပေါက်၍ကန္တာရတွင် စမ်းချောင်းစီးလိမ့်မည်။ 
 7 ခြစ်ခြစ်တောက်ပူလောင်လျက်ရှိသည့်သဲများသည် ရေအိုင်ဖြစ်၍၊ 
ခြောက်သွေ့သောမြေသည်လည်းစမ်းရေတွင်းများ ပြည့်နှက်၍နေလိမ့်မည်။ 
ခွေးအများကျက်စားလေ့ရှိသည့်အရပ်တွင် ကိုင်းပင်ကူပင်များပေါက်လာလိမ့်မည်။ 
 8 ထိုအရပ်တွင်``သန့်ရှင်းမြင့်မြတ်ရာသို့ သွားသည့်လမ်း'' ဟု 
နာမည်တွင်သောလမ်းမကြီးတစ်သွယ် ပေါ်ပေါက်၍လာလိမ့်မည်။ 
အဘယ်အပြစ်ကူးသူမှန်သမျှထိုလမ်းကို လျှောက်သွားရလိမ့်မည်မဟုတ်။ 
အဘယ်လူမိုက်ကမျှထိုလမ်းတွင် လျှောက်နေသူတို့အား 
လမ်းမှားစေနိုင်လိမ့်မည်မဟုတ်။ 
 9 ထိုအရပ်တွင်အဘယ်ခြင်္သေ့မျှရှိလိမ့်မည်မဟုတ်။ 
ထိုအရပ်သို့အဘယ်သားရဲတိရစ္ဆာန်မျှလည်း လာရကြလိမ့်မည်မဟုတ်။ 
ထာဝရဘုရားကယ်ဆယ်ထားတော်မူသော သူတို့သည် 
ထိုလမ်းအတိုင်းမိမိတို့နေရပ်သို့ ပြန်ရကြလိမ့်မည်မဟုတ်။ 
 10 သူတို့သည်ဝမ်းမြောက်ပျော်ရွှင်စွာသီချင်း ဆိုလျက် ယေရုရှလင်မြို့သို့ရောက်ရှိလာကြလိမ့်မည်။ 
သူတို့သည်ထာဝစဉ်ရွှင်လန်းဝမ်းမြောက်ကြ လိမ့်မည်။ 
ဝမ်းနည်းပူဆွေးခြင်းနှင့်ထာဝစဉ်ကင်းလွတ် ကြလိမ့်မည်။