4
စုံစမ်းသွေးဆောင်ခြင်းကိုခံတော်မူခြင်း 
(မ၊ ၄:၁-၁၁။ မာ၊ ၁:၁၂-၁၃) 
 1 သခင်ယေရှုသည်သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝလျက်ယော်ဒန်မြစ်မှပြန်လာတော်မူစဉ် ဝိညာဉ်တော်သည်ကိုယ်တော်ကိုတောကန္တာရသို့ ခေါ်ဆောင်သွားတော်မူ၏။ ထိုအရပ်တွင်အရက် လေးဆယ်ပတ်လုံးမာရ်နတ်၏စုံစမ်းသွေးဆောင် ခြင်းကိုခံတော်မူ၏။-  2 ထိုနေ့ရက်များအတွင်းမည်သည့်အစားအစာ ကိုမျှသုံးဆောင်တော်မမူ။ ထိုနေ့ရက်များ ကုန်လွန်သွားသောအခါကိုယ်တော်သည် မွတ်သိပ်တော်မူ၏။ 
 3 ထိုအခါမာရ်နတ်က ``အရှင်သည်ဘုရားသခင် ၏သားတော်ဖြစ်ပါလျှင်ဤကျောက်ခဲကိုမုန့် ဖြစ်စေရန်အမိန့်ရှိတော်မူပါ'' ဟုလျှောက်၏။ 
 4 သခင်ယေရှုက ``လူသည်အစားအစာအားဖြင့် သာအသက်ရှင်ရမည်မဟုတ်ဟုကျမ်းစာတော် တွင်ပါရှိ၏'' ဟုပြန်လည်မိန့်ကြားတော်မူ၏။✡ တရား၊ ၈:၃။ 
 5 ထိုအခါမာရ်နတ်သည်ကိုယ်တော်ကိုတောင်ထိပ် ပေါ်သို့ခေါ်ဆောင်သွားပြီးနောက်လောကနိုင်ငံ ရှိသမျှကိုတစ်ခဏချင်းတွင်ညွှန်ပြလျက်၊-  6 ``ဤတန်ခိုးအာဏာဘုန်းစည်းစိမ်ရှိသမျှ တို့ကိုကိုယ်တော်အားငါပေးပါအံ့။ ဤအရာ များကိုငါ့လက်ဝယ်အပ်နှင်းထားပြီးဖြစ် သဖြင့်ငါပေးလိုသူအားပေးနိုင်၏။-  7 သို့ဖြစ်၍ကိုယ်တော်သည်ငါ့အားဦးညွှတ် ရှိခိုးလျှင် ဤတန်ခိုးအာဏာအလုံးစုံတို့ ကိုကိုယ်တော်အားပေးမည်'' ဟုလျှောက်၏။ 
 8 သခင်ယေရှုက ``သင်၏ဘုရားသခင်ထာဝရ ဘုရားကိုသာလျှင် ဦးညွှတ်ရှိခိုးရမည်ဟု ကျမ်းစာတော်တွင်ဖော်ပြပါရှိ၏'' ဟုပြန် လည်မိန့်တော်မူ၏။✡ တရား၊ ၆:၁၃။ 
 9 မာရ်နတ်သည်သခင်ယေရှုကိုယေရုရှလင်မြို့သို့ ခေါ်ဆောင်၍သွားပြီးလျှင် ဗိမာန်တော်ထိပ်ဖျားတွင် နေစေပြီးလျှင် ``ကိုယ်တော်သည်ဘုရားသခင်၏ သားတော်ဖြစ်လျှင်ဤနေရာမှအောက်သို့ခုန်ချ ပါလော့။-  10 ကျမ်းစာတော်တွင် `သင့်ကိုစောင့်ရှောက်စေရန် ဘုရားသခင်သည်ကောင်းကင်တမန်များအား အမိန့်ပေးတော်မူမည်' ဟူ၍လည်းကောင်း၊-✡ ဆာ၊ ၉၁:၁၁။  11 `သင်၏ခြေသည်ကျောက်နှင့်မထိခိုက်စေခြင်း ငှာ ကောင်းကင်တမန်တို့သည်လက်ဖြင့်သင့်ကို ပွေ့ချီကြလိမ့်မည်' ဟူ၍လည်းကောင်းပါရှိ၏'' ဟုလျှောက်၏။✡ ဆာ၊ ၉၁:၁၂။ 
 12 သခင်ယေရှုက ``သင်သည်ဘုရားသခင်ထာဝရ ဘုရားအားစစ်ဆေးစမ်းသပ်မှုမပြုရဟု ကျမ်းစာလာ၏'' ဟုပြန်လည်ဖြေကြားတော် မူ၏။✡ တရား၊ ၆:၁၆။ 
 13 မာရ်နတ်သည်ဤသို့စုံစမ်းသွေးဆောင်မှုအလုံးစုံ ကိုပြုပြီးသောအခါ ကိုယ်တော်၏ထံတော်မှ ထွက်ခွာ၍အခါအခွင့်ကောင်းကိုစောင့်နေ၏။ 
ဂါလိလဲပြည်တွင်အမှုတော်ကို စတင်ဆောင်ရွက်တော်မူခြင်း 
(မ၊ ၄:၁၂-၁၇။ မာ၊ ၁:၁၄-၁၅) 
 14 သခင်ယေရှုသည်သန့်ရှင်းသောဝိညာဉ်တော် တန်ခိုးနှင့်ပြည့်ဝလျက်ဂါလိလဲပြည်သို့ပြန် လာတော်မူ၏။ သတင်းတော်သည်ထိုဒေသ တစ်လျှောက်လုံးတွင်ပျံ့နှံ့သွား၏။-  15 ကိုယ်တော်သည်တရားဇရပ်များမှာဟောပြော သွန်သင်တော်မူရာလူအပေါင်းတို့သည်ကိုယ် တော်ကိုချီးမွမ်းကြ၏။ 
ကိုယ်တော်ကိုနာဇရက်မြို့ကလက်မခံဘဲနေခြင်း 
(မ၊ ၁၃:၅၃-၅၈။ မာ၊ ၆:၁-၆) 
 16 ကိုယ်တော်သည်နာဇရက်မြို့သို့ကြွတော်မူ၏။ နာဇရက်မြို့ကားကိုယ်တော်ကြီးပြင်းရာမြို့ ဖြစ်၏။ ဥပုသ်နေ့၌ကိုယ်တော်သည်အလေ့တော် ရှိသည်အတိုင်းတရားဇရပ်သို့ဝင်တော်မူ၏။ ကျမ်းစာကိုဖတ်ရန်ထတော်မူလျှင်၊-  17 တရားဇရပ်မှူးသည်ပရောဖက်ဟေရှာယကျမ်း ကိုကိုယ်တော်အားလှမ်း၍ပေး၏။ ကိုယ်တော်သည် ကျမ်းစာလိပ်ကိုဖွင့်၍၊ 
 18 ``ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်သို့ဆင်းသက်တော်မူ၏။ 
ဆင်းရဲသူများအားသတင်းကောင်းကိုပြောကြားရန် ငါ့အားဘိသိက်ပေးတော်မူပြီ။ 
အချုပ်အနှောင်ခံရသူများကိုလွတ်မြောက် စေမည်ဖြစ်ကြောင်းနှင့်၊ 
မျက်မမြင်များမျက်စိအလင်းပြန်လည်ရရှိ စေမည် ဖြစ်ကြောင်းကိုပြောကြားရန်လည်းကောင်း၊ 
နှိပ်စက်ညှဉ်းဆဲခံရသူများအားကယ်လွှတ်မည် ဖြစ်ကြောင်းကိုလည်းကောင်း၊✡ ဟေရှာ၊ ၆၁:၁-၂။ 
 19 ထာဝရဘုရားသည်မိမိလူစုတော်အား 
ကယ်တင်ရာကာလရောက်လာပြီ ဖြစ်ကြောင်းကိုလည်းကောင်း 
ကြေညာရန်ငါ့ကိုစေလွှတ်တော်မူ၏'' 
ဟူသောကျမ်းပိုဒ်ကိုဖတ်တော်မူ၏။ 
 20 ထိုနောက်ကျမ်းစာတော်ကိုလိပ်၍ဇရပ်မှူးအား ပြန်ပေးပြီးနောက်ထိုင်တော်မူ၏။ တရားဇရပ် ထဲမှာရှိသောလူအပေါင်းတို့သည်ကိုယ်တော် အားစိုက်ကြည့်နေကြ၏။-  21 ကိုယ်တော်က ``ဤကျမ်းစာပါအမှုအရာများ သည်သင်တို့ကြားနာရသည့်အတိုင်းယနေ့ အကောင်အထည်ပေါ်ပြီ'' ဟုမိန့်တော်မူ၏။ 
 22 လူအပေါင်းတို့ကကိုယ်တော်၏အကြောင်းကို ချီးကူးပြောဆိုကြ၏။ နှုတ်တော်ထွက်စကား များကိုအံ့သြလျက် ``ဤသူသည်ယောသပ် ၏သားမဟုတ်လော'' ဟုဆိုကြ၏။ 
 23 ကိုယ်တော်က ``သင်တို့သည် `အချင်းဆရာဝန်၊ သင့်ရောဂါကိုသင်ပျောက်အောင်ကုလော့' ဟူ သောဆိုရိုးစကားကိုအသုံးပြုကာငါ့ အားဆိုလိမ့်မည်။ ကပေရနောင်မြို့တွင်အရှင် ပြုခဲ့သည်ဟုအကျွန်ုပ်တို့ကြားသိရသည့် အမှုအရာများကို အရှင့်နေရင်းမြို့တွင် လည်းပြုတော်မူပါဟုငါ့အားမုချပြော ဆိုကြလိမ့်မည်။-  24 အမှန်အကန်သင်တို့အားငါဆိုသည်ကား အဘယ်ပရောဖက်မျှမိမိနေရင်းမြို့တွင် မျက်နှာမရတတ်။-✡ ယော၊ ၄:၄၄။  25 ဧလိယလက်ထက်၌ဣသရေလနိုင်ငံတွင် သုံး နှစ်နှင့်ခြောက်လပတ်လုံးမိုးခေါင်၍အစာ ငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ခဲ့၏။-✡ ၃ရာ၊ ၁၇:၁။  26 ဣသရေလအမျိုးဖြစ်သောမုဆိုးမအများရှိ သော်လည်း မည်သူ့ထံသို့မျှဘုရားသခင်သည် ပရောဖက်ဧလိယကိုစေလွှတ်တော်မမူ။ ဇိဒုံ ပြည်၊ ဇရတ္တမြို့သူမုဆိုးမထံသို့သာလျှင်စေ လွှတ်တော်မူ၏။-✡ ၃ရာ၊ ၁၇:၈-၁၆။  27 ပရောဖက်ဧလိရှဲလက်ထက်၌လည်းဣသရေလ အမျိုးသားတို့တွင် အရေဖျားရောဂါသည် အများရှိသော်လည်းမည်သူမျှသန့်စင်ခွင့် မရ။ ရှုရိပြည်သားနေမန်သာလျှင်ရ၏'' ဟုမိန့်တော်မူ၏။✡ ၄ရာ၊ ၅:၁-၁၄။ 
 28 တရားဇရပ်ရှိလူအပေါင်းတို့သည်ထိုစကား ကိုကြားသောအခါပြင်းစွာအမျက်ထွက်ကြ၏။-  29 ထိုနောက်ကိုယ်တော်အားတောင်ကမ်းပါးမှတွန်းချ အံ့သောငှာမြို့တည်ရာတောင်ထိပ်စွန်းသို့ခေါ် ဆောင်သွားကြ၏။-  30 သို့ရာတွင်ကိုယ်တော်သည်လူပရိသတ်အလယ် မှလျှောက်၍ကြွသွားတော်မူ၏။ 
နတ်မိစ္ဆာပူးဝင်နေသူတစ်ဦး 
(မာ၊ ၁:၂၁-၂၈) 
 31 ကိုယ်တော်သည်ဂါလိလဲပြည်၊ ကပေရနောင်မြို့ သို့ရောက်တော်မူ၏။ ဥပုသ်နေ့၌တရားဇရပ် တွင်ဟောပြောသွန်သင်တော်မူ၏။-  32 ကိုယ်တော်၏သွန်သင်ချက်တွင်တန်ခိုးအာဏာ ပါသဖြင့်လူတို့သည်အံ့သြကြ၏။-✡ မ၊ ၇:၂၈-၂၉။  33 တရားဇရပ်ထဲတွင်ညစ်ညမ်းသောနတ်ပူးဝင် နေသူတစ်ယောက်ရှိ၏။-  34 ညစ်ညမ်းသောနတ်က ``နာဇရက်မြို့သားယေရှု၊ အရှင်သည်အကျွန်ုပ်တို့နှင့်အဘယ်သို့သက်ဆိုင် တော်မူပါသနည်း။ အကျွန်ုပ်တို့အားသေကြေ ပျက်စီးစေရန်ကြွလာတော်မူပါသလော။ အရှင် သည်မည်သူဖြစ်သည်ကိုအကျွန်ုပ်သိပါ၏။ အရှင် ကားဘုရားသခင်ထံမှကြွလာတော်မူသော သန့်ရှင်းမြင့်မြတ်သူဖြစ်ပါသည်'' ဟုကျယ်စွာ ဟစ်အော်၏။ 
 35 သခင်ယေရှုက ``တိတ်တိတ်နေလော့။ သူ့အထဲမှ ထွက်ခဲ့လော့'' ဟုမိန့်တော်မူ၏။ နတ်မိစ္ဆာသည်ထို သူကိုလူအများရှေ့မှာလှဲချလိုက်၏။ ထိုနောက် ဘေးအန္တရာယ်မပြုဘဲသူ့အထဲမှထွက်သွား၏။ 
 36 လူအပေါင်းတို့သည်အံ့သြလျက် ``ဤသူ၏ အမိန့်စကားကားအဘယ်သို့နည်း။ သူသည် ညစ်ညမ်းသောနတ်များအားထွက်သွားရန် တန်ခိုးအာဏာဖြင့်အမိန့်ပေး၍ သူတို့သည် ထွက်သွားကြပါသည်တကား'' ဟုအချင်း ချင်းပြောဆိုကြ၏။-  37 ကိုယ်တော်၏သတင်းတော်သည်ပတ်ဝန်းကျင် ဒေသတွင်ပျံ့နှံ့သွားတော့၏။ 
လူမြောက်မြားစွာတို့ကို ရောဂါပျောက်စေတော်မူခြင်း 
(မ၊ ၈:၁၄-၁၇။ မာ၊ ၁:၂၉-၃၄) 
 38 ကိုယ်တော်သည်တရားဇရပ်မှထွက်ခွာ၍ရှိမုန် ၏အိမ်သို့ဝင်တော်မူ၏။ ရှိမုန်၏ယောက္ခမဖြစ်သူ သည်ပြင်းစွာဖျားနေ၏။-  39 သို့ဖြစ်၍တပည့်တော်တို့သည်ထိုအကြောင်း ကိုကိုယ်တော်အားလျှောက်ထားကြ၏။ ကိုယ်တော် သည်ထိုအမျိုးသမီးကြီး၏အနားတွင်ရပ် လျက် ``အဖျားပျောက်စေ'' ဟုအမိန့်ပေးတော် မူ၏။ အမျိုးသမီးကြီးသည်အဖျားပျောက် သဖြင့် ချက်ချင်းထ၍ကိုယ်တော်နှင့်တပည့် တော်တို့အားဧည့်သည်ဝတ်ကိုပြုလေ၏။ 
 40 နေဝင်ချိန်၌ရောဂါအမျိုးမျိုးစွဲကပ်သူ အပေါင်းတို့ကိုအထံတော်သို့ခေါ်ဆောင်ခဲ့ ကြ၏။ ကိုယ်တော်သည်ထိုလူနာအသီးသီး တို့အပေါ်မှာ လက်တော်ကိုတင်၍သူတို့၏ ရောဂါများကိုပျောက်ကင်းစေတော်မူ၏။-  41 နတ်မိစ္ဆာများသည် ``အရှင်သည်ဘုရားသခင် ၏သားတော်ဖြစ်၏'' ဟုဟစ်အော်လျက်မိမိတို့ ပူးဝင်နေသူများထံမှထွက်ခွာသွားကြ၏။ ကိုယ်တော်သည်နတ်မိစ္ဆာများထိုသို့ဟစ်အော် သည်ကိုဟန့်တားတော်မူပြီးလျှင် သူတို့အား စကားပြောခွင့်ပေးတော်မမူ။ အဘယ်ကြောင့် ဆိုသော်သူတို့သည်ကိုယ်တော်မေရှိယဖြစ် ကြောင်းကိုသိကြသောကြောင့်ဖြစ်သည်။ 
တရားဇရပ်များတွင်ဟောပြောတော်မူခြင်း 
(မာ၊ ၁:၃၅-၃၉) 
 42 မိုးလင်းသောအခါကပေရနောင်မြို့မှထွက်ခွာ ၍ဆိတ်ငြိမ်ရာအရပ်သို့ကြွတော်မူ၏။ လူတို့သည် ကိုယ်တော်ကိုရှာကြ၏။ ရှာ၍တွေ့သောအခါမိမိ တို့ထံမှထွက်ခွာသွားတော်မမူစေရန်ကြိုးစား ကြ၏။-  43 သို့ရာတွင်ကိုယ်တော်က ``ငါသည်အခြားမြို့ များတွင်လည်းဘုရားသခင်၏နိုင်ငံတော် အကြောင်းသတင်းကောင်းကိုဟောပြောကြေညာ ရမည်။ ထိုသို့ဟောပြောကြေညာရန်အတွက်ငါ့ ကိုဘုရားသခင်စေလွှတ်တော်မူသည်'' ဟု မိန့်တော်မူ၏။ 
 44 သို့ဖြစ်၍ကိုယ်တော်သည်ယုဒပြည်တရား ဇရပ်များတွင်ဟောတော်မူ၏။