17
အဆင်းသဏ္ဌာန်ပြောင်းလဲတော်မူခြင်း 
(မာ၊ ၉:၂-၁၃။ လု၊ ၉:၂၈-၃၆။) 
 1 ခြောက်ရက်မျှကြာသော်သခင်ယေရှုသည်ပေတရု၊ ယာကုပ်၊ ယာကုပ်၏ညီယောဟန်တို့ကိုမြင့်သော တောင်ပေါ်သို့ခေါ်ဆောင်သွားတော်မူ၏။ အခြား မည်သူတစ်စုံတစ်ယောက်မျှမပါချေ။-✡ ၂ပေ၊ ၁:၁၇-၁၈။  2 သူတို့၏ရှေ့တွင်ကိုယ်တော်၏အဆင်းသဏ္ဌာန်တော် သည်ပြောင်းလဲသွား၏။ မျက်နှာတော်သည်နေကဲ့ သို့တောက်ပလျက်အဝတ်တော်များသည်လည်း အလင်းကဲ့သို့ဖြူလျက်နေ၏။-  3 ထိုနောက်မောရှေနှင့်ဧလိယပေါ်လာ၍ကိုယ်တော် နှင့်စကားပြောလျက်နေကြသည်ကိုတွေ့မြင် ကြ၏။-  4 ထိုအခါပေတရုက ``အရှင်ဘုရား၊ ဤအရပ် တွင်နေဖွယ်ကောင်းပါ၏။ အရှင်အလိုတော်ရှိ လျှင်အရှင့်အတွက်တဲတစ်ဆောင်၊ မောရှေအတွက် တစ်ဆောင်၊ ဧလိယအတွက်တစ်ဆောင်၊ တဲသုံး ဆောင်ကိုအကျွန်ုပ်ဆောက်လုပ်ပါမည်'' ဟုလျှောက် ထား၏။ 
 5 ဤသို့ပေတရုလျှောက်ထားစဉ်ပင်တောက်ပသော မိုးတိမ်တိုက်တစ်ခု၏အရိပ်သည်သူတို့အပေါ် သို့ကျလာ၏။ မိုးတိမ်တိုက်ထဲမှ ``ဤသူကား ငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်မြတ်နိုး၏။ သူ၏စကားကို နားထောင်ကြလော့'' ဟုအသံတော်ထွက်ပေါ် လာ၏။✡ က၊ ၂၂:၂။ တရား၊ ၁၈:၁၅။ ဆာ၊ ၂:၇။ ဟေရှာ၊ ၄၂:၁။ မ၊ ၃:၁၇၊ ၁၂:၁၈။ မာ၊ ၁:၁၁။ လု၊ ၃:၂၂။ 
 6 ထိုအသံကိုတပည့်တော်တို့ကြားသောအခါ လွန်စွာကြောက်လန့်၍ပျပ်ဝပ်လျက်နေကြ၏။-  7 သခင်ယေရှုသည်ကြွလာတော်မူ၍သူတို့ကို လက်ဖြင့်တို့ထိပြီးလျှင် ``ထကြ။ မကြောက် ကြနှင့်'' ဟုမိန့်တော်မူ၏။-  8 သူတို့သည်မော်၍ကြည့်လိုက်သောအခါသခင် ယေရှုမှတစ်ပါးအခြားအဘယ်သူကိုမျှ မတွေ့မမြင်ကြတော့ချေ။ 
 9 ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည်တောင် ပေါ်မှဆင်းကြ၏။ ထိုသို့ဆင်းကြစဉ်သခင်ယေရှု က ``သင်တို့တွေ့မြင်ခဲ့ကြသည့်အခြင်းအရာကို လူသားသေခြင်းမှမထမြောက်မီအဘယ်သူ အားမျှမပြောကြနှင့်'' ဟုတပည့်တော်တို့အား ပညတ်တော်မူ၏။ 
 10 တပည့်တော်တို့က ``ဦးစွာပထမဧလိယ ကြွလာမည်ဟုကျမ်းတတ်ဆရာတို့အဘယ် ကြောင့်ဆိုပါသနည်း'' ဟုကိုယ်တော်အားမေး လျှောက်ကြ၏။✡ မာလ၊ ၄:၅။ 
 11 ကိုယ်တော်က ``ဦးစွာပထမဧလိယသည်ကြွ လာ၍အမှုအရာခပ်သိမ်းကိုအသင့်ပြင်ဆင် ရမည်ကားမှန်၏။-  12 သင်တို့အားငါဆိုသည်ကားဧလိယသည်ကြွ လာခဲ့ပြီ။ သို့ရာတွင်လူတို့သည်သူ့ကိုမသိကြ သဖြင့်သူ့အားမိမိတို့ပြုလိုရာပြုခဲ့ကြလေ ပြီ။ ထိုနည်းတူပင်လူသားသည်လည်းထိုသူတို့ ၏လက်တွင်ဒုက္ခဆင်းရဲခံရလိမ့်မည်'' ဟုမိန့် တော်မူ၏။✡ မ၊ ၁၁:၁၄။ 
 13 ထိုအခါမှတပည့်တော်တို့သည်ဗတ္တိဇံဆရာ ယောဟန်ကိုရည်မှတ်၍ကိုယ်တော်မိန့်တော်မူ ကြောင်းနားလည်လာကြလေသည်။ 
သူငယ်တစ်ယောက်ထံမှညစ်ညမ်းသောနတ်ကို နှင်ထုတ်တော်မူခြင်း 
(မာ၊ ၉:၁၄-၂၉။ လု၊ ၉:၃၇-၄၃က။) 
 14 ကိုယ်တော်နှင့်တပည့်တော်တို့သည်ပရိသတ်ရှိရာ သို့ရောက်ကြလျှင် လူတစ်ယောက်သည်ရှေ့တော်သို့ လာရောက်ဒူးထောက်လျက်၊-  15 ``အရှင်၊ အကျွန်ုပ်၏သားကိုသနားတော်မူပါ။ သူ သည်ဝက်ရူးနာစွဲ၍မီးထဲသို့ဖြစ်စေ၊ ရေထဲသို့ ဖြစ်စေမကြာခဏလဲကျတတ်ပါ၏။-  16 သူ့အားအရှင်၏တပည့်များထံသို့ခေါ်ဆောင်ခဲ့ သော်လည်းသူတို့သည်ရောဂါပျောက်အောင်မကု နိုင်ကြပါ'' ဟုလျှောက်၏။ 
 17 သခင်ယေရှုက ``သင်တို့သည်ယုံကြည်ခြင်းကင်း၍ လွန်စွာဖောက်ပြန်ကြပါတကား။ ငါသည်သင်တို့နှင့် မည်မျှကြာအောင်နေရမည်နည်း။ မည်မျှကြာအောင် သင်တို့အားသည်းခံရမည်နည်း။ သူငယ်ကိုငါ့ထံ သို့ခေါ်ခဲ့ကြလော့'' ဟုမိန့်တော်မူ၏။-  18 သခင်ယေရှုသည်နတ်မိစ္ဆာအားထွက်ခွာသွားရန် အမိန့်ပေးတော်မူလျှင် နတ်မိစ္ဆာသည်သူငယ်ထံမှ ထွက်ခွာသွားလေသည်။ ချက်ချင်းပင်သူငယ်သည် ကျန်းမာလာ၏။ 
 19 ထိုနောက်တပည့်တော်တို့သည်သခင်ယေရှုတစ် ကိုယ်တည်းရှိတော်မူသောအခါ အထံတော်သို့ ချဉ်းကပ်၍ ``အကျွန်ုပ်တို့သည်ထိုနတ်ကိုအဘယ် ကြောင့်နှင်ထုတ်၍မရပါသနည်း'' ဟုမေး လျှောက်ကြ၏။ 
 20 ကိုယ်တော်က ``သင်တို့တွင်ယုံကြည်ခြင်းနည်းသော ကြောင့်ဖြစ်၏။ အမှန်အကန်သင်တို့အားငါဆိုသည် ကား၊ သင်တို့တွင်မုန်ညင်းစေ့ပမာဏမျှယုံကြည် ခြင်းရှိပါမူဤတောင်အား `ဤနေရာမှထိုနေရာ သို့ပြောင်းရွှေ့လော့' ဟုဆိုလျှင်ပြောင်းရွှေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင်သင်တို့မတတ်နိုင်သည့် အရာမရှိ။-✡ မ၊ ၂၁:၂၁။ မာ၊ ၁၁:၂၃။ ၁ကော၊ ၁၃:၂။  21 (ဤနတ်မျိုးကိုဆုတောင်းပတ္ထနာပြုခြင်းနှင့် အစာရှောင်ခြင်းမှတစ်ပါးအခြားအဘယ် နည်းဖြင့်မျှနှင်ထုတ်၍မရ)'' ဟုမိန့်တော်မူ၏။ 
အသေသတ်ခြင်းခံတော်မူရမည့်အကြောင်း ထပ်မံဖော်ပြတော်မူခြင်း 
(မာ၊ ၉:၃၀-၃၂။ လု၊ ၉:၄၃ခ-၄၅။) 
 22 ကိုယ်တော်နှင့်တပည့်တော်တို့သည်ဂါလိလဲပြည် တွင်လှည့်လည်နေကြစဉ်သခင်ယေရှုက ``လူတို့ ၏လက်တွင်းသို့လူသားကိုအပ်နှံကြလိမ့်မည်။-  23 သူ့ကိုသတ်ကြလိမ့်မည်။ ထိုနောက်သုံးရက်မြောက် သောနေ့တွင်လူသားသည်သေခြင်းမှရှင်ပြန် ထမြောက်လိမ့်မည်'' ဟုတပည့်တော်တို့အား မိန့်တော်မူ၏။ 
တပည့်တော်တို့သည်လည်းလွန်စွာစိတ်မချမ်း မသာဖြစ်ကြကုန်၏။ 
ဗိမာန်တော်ခွန်ပေးဆောင်ခြင်း 
 24 ကိုယ်တော်နှင့်တပည့်တော်တို့သည်ကပေရနောင်မြို့ သို့ရောက်ကြသောအခါဗိမာန်တော်အတွက်အခွန် ကောက်ခံသူများသည်လာ၍ပေတရုအား ``သင်၏ ဆရာသည်ဗိမာန်တော်ခွန်ပေးဆောင်ပါသလော'' ဟုမေးမြန်းကြ၏။✡ ထွ၊ ၃၀:၁၃၊ ၃၈:၂၆။ 
 25 ပေတရုက ``ပေးဆောင်ပါသည်'' ဟုဆို၏။ 
ထိုနောက်အိမ်ထဲသို့ပေတရုဝင်လာသောအခါ သခင်ယေရှုသည်ပေတရုမပြောမီ ``ရှိမုန်၊ သင် အဘယ်သို့ထင်မြင်ပါသနည်း။ လောကီဘုရင် တို့သည်မည်သူ့ထံမှအခွန်အကောက်များကို ကောက်ခံကြသနည်း။ တိုင်းရင်းသားများထံမှ လော။ နိုင်ငံခြားသားများထံမှလော'' ဟု မေးတော်မူ၏။ 
 26 ပေတရုက ``နိုင်ငံခြားသားများထံမှကောက်ခံ သည်'' ဟုလျှောက်၏။ သခင်ယေရှုက ``ထိုသို့ဖြစ် လျှင်တိုင်းရင်းသားတို့သည်လွတ်ငြိမ်းခွင့်ရ ကြ၏။-  27 သို့ရာတွင်သူတို့စိတ်မနာသွားစေရန်သင်သည် အိုင်သို့သွား၍ငါးကိုမျှားလော့။ အဦးမိသည့် ငါးပါးစပ်ကိုဖွင့်လော့။ ငွေဒင်္ဂါးတစ်ပြားကို တွေ့လိမ့်မည်။ ထိုငွေကိုယူ၍သင်နှင့်ငါ့အတွက် အခွန်တော်ကိုသူတို့အားပေးဆောင်လော့'' ဟု မိန့်တော်မူ၏။