ဆာလံကျမ်း 
နိဒါန်း။ 
ဆာလံကျမ်းသည်သမ္မာကျမ်းစာ၏သီချင်းစာအုပ်နှင့်ဆုတောင်းစာအုပ်ဖြစ်သည်။ ယင်းတို့ကိုခေတ်ကာလအဆက်ဆက်ကပ္ဂိုလ်တို့ရေးသားပြုစုပြီး ဣသရေလလူမျိုးတို့ဝတ်ပြုကိုးကွယ်ရာတွင်အသုံးပြုခဲ့သည်။ နောက်ဆုံးတွင်သမ္မာကျမ်း၏ကျမ်းတစ်ကျမ်းဖြစ်လာသည်။ 
ဘုရားသခင်အားဝတ်ပြုကိုးကွယ်ခြင်းနှင့်ဂုဏ်တော်ကို ချီးကူးခြင်းဆိုင်ရာသီချင်းများ၊ ကူမကွယ်ကာကယ်တင်ရန်ဆုတောင်းပတ္ထနာများ၊ အပြစ်ဖြေလွှတ်ရန်တောင်းလျှောက်ချက်များ၊ ဘုရားသခင်ချပေးတော်မူသောကောင်းချီးမင်္ဂလာများအတွက် ကျေးဇူးတော်ချီးမွမ်းသီချင်းများ၊ ရန်သူများအားဒဏ်ခတ်တော်မူရန်အသနားခံချက်များစသည်တို့ကို လင်္ကာဖြင့်ရေးသားပြုစုသည်။ ဤဆုတောင်းပတ္ထနာအချို့တို့သည် ရေးသားပြုစုသူ၏အသဲနှလုံးထဲ၌ခံစားချက်များကိုဖော်ပြသည်။ အချို့တို့မူဘုရားသခင်၏လူစုတော်လိုလားချက်များနှင့်ခံစားချက်များကိုဖော်ပြသည်။ 
သခင်ယေရှုကိုယ်တော်တိုင်ဆာလံကျမ်းကိုအသုံးပြုတော်မူခဲ့သည်။ ဋ္ဌမ္မသစ်ကျမ်းကိုရေးသားပြုစုသူတို့သည်လည်း ဆာလံကျမ်းကိုကိုးကား၍အကြောင်းအချက်များကိုတင်ပြသည်။ ဆာလံကျမ်းကိုဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာအမြတ်တနိုးထားသည့်စာအုပ်အဖြစ် ခရစ်ယာန်အသင်းတော်တည်ထောင်ချိန်မှစ၍လက်ခံသုံးစွဲခဲ့လေသည်။ 
အကြောင်းအရာအကျဉ်းချုပ် 
ဆာလံကျမ်းအခန်းပေါင်း ၁၅၀ ကိုအောက်ပါတွဲ ၅ တွဲတွင် 
စုစည်းထားသည်။ 
တွဲ ၁ ၁-၄၁ 
တွဲ ၂ ၄၂-၇၂ 
တွဲ ၃ ၇၃-၈၉ 
တွဲ ၄ ၉၀-၁၀၆ 
တွဲ ၅ ၁၀၇-၁၅၀  
အတွဲ ၁ 
 1
(ဆာလံ ၁-၄၁) 
မင်္ဂလာအစစ်အမှန် 
 1 သူယုတ်မာတို့၏အကြံဉာဏ်ကိုလက်မခံ၊ အပြစ်ကူးသူတို့၏စံနမူနာကိုမလိုက်၊ 
ထာဝရဘုရားကိုပစ်ပယ်သူတို့နှင့်လည်း 
မပေါင်းမဖော်သောသူတို့သည်မင်္ဂလာရှိကြ၏။ 
 2 သူတို့သည်ထာဝရဘုရား၏တရားတော်ကိုလိုက်လျှောက်၍ 
နေ့ညမပြတ်လေ့လာဆင်ခြင်မှုဖြင့်ပျော်မွေ့တတ်ကြ၏။ 
 3 ထိုသူတို့သည်ချောင်းအနီးတွင်ပေါက်၍လျော်ကန်သင့်မြတ်ချိန်၌ 
အသီးသီးလျက်အရွက်မညှိုးမနွမ်းတတ်သောအပင်များနှင့်တူ၏။ 
သူတို့သည်ပြုလေသမျှအမှုကိစ္စတို့တွင်အောင်မြင်တတ်၏။✡ ယေ၊ ၁၇:၈။ 
 4 သို့ရာတွင်၊သူယုတ်မာတို့မူကားအဘယ်နည်းနှင့်မျှဤသို့မဖြစ်နိုင်။ 
သူတို့သည်လေတိုက်ရာတွင်လွင့်ပါသွားတတ်သောဖွဲနှင့်တူကြ၏။ 
 5 အပြစ်ကူးသူတို့သည်ဘုရားသခင် 
အပြစ်ဒဏ်စီရင်ခြင်းကိုခံရကြလိမ့်မည်။ 
သူတို့သည်ဘုရားသခင်၏လူစုတော်အပေါင်းအသင်းထဲသို့မဝင်ရကြ။ 
 6 ထာဝရဘုရားသည်သူတော်ကောင်းများကိုပို့ဆောင်စောင့်ထိန်းတော်မူလိမ့်မည်။ 
သူယုတ်မာတို့မူကားဆုံးရှုံးပျက်စီးရကြလိမ့်မည်။