56
ဘုရားသခင်အားကိုးစားသူ၏ဆုတောင်း ပတ္ထနာ 12 * ဟေဗြဲခေါင်းစဉ်။ ဂါသသည်ဖိလိတ္တိအမျိုးသားတို့လက်တွင်း သို့ရောက်ပြီးနောက်ဒါဝိဒ်စပ်ဆိုသောဆာလံ။ 
 1 အို ဘုရားသခင်၊ 
ကျွန်တော်မျိုးသည်တိုက်ခိုက်ခြင်းကိုခံနေရသဖြင့် ကျွန်တော်မျိုးကိုသနားတော်မူပါ။ 
ရန်သူများသည်ကျွန်တော်မျိုးအားနေ့ရှိသမျှ ညှဉ်းဆဲနှိပ်စက်ကြပါ၏။ 
 2 ကျွန်တော်မျိုး၏ရန်ဘက်တို့သည်တစ်နေ့လုံးပင် ကျွန်တော်မျိုးအားတိုက်ခိုက်ကြပါ၏။ 
ကျွန်တော်မျိုးအားတိုက်ခိုက်သူတို့များလှပါ၏။ 
 3 အို အနန္တတန်ခိုးရှင်ထာဝရဘုရား၊ 
ကျွန်တော်မျိုးသည်ကြောက်လန့်သောအခါ ကိုယ်တော်ရှင်အားကိုးစားပါ၏။ 
 4 ငါသည်ဘုရားသခင်အားကိုးစားသဖြင့် အဘယ်သူကိုမျှကြောက်လန့်မည်မဟုတ်။ 
ကိုယ်တော်၏ကတိတော်အတွက်ကိုယ်တော်အား ထောမနာပြုမည်။ 
လူသည်ငါ့အားအဘယ်သို့ပြုနိုင်မည်နည်း။ 
 5 ငါ၏ရန်သူများသည်ငါ့ကိုတစ်နေ့လုံး စော်ကားပြောဆိုကြ၏။ 
ငါ့အားအကျိုးနည်းစေရန်နည်းလမ်းကို အစဉ်ပင်ရှာကြံလျက်နေကြ၏။ 
 6 သူတို့သည်ပုန်းကွယ်ရာအရပ်များတွင် စုရုံးကာ 
ငါ့ကိုသတ်ဖြတ်နိုင်ရန်ငါပြုသမျှသော အမှုတို့ကိုချောင်းမြောင်း၍ကြည့်ကြ၏။ 
 7 အို ဘုရားသခင်၊ 
သူတို့ပြုသောဒုစရိုက်အတွက် အပြစ်ဒဏ်ခတ်တော်မူပါ။ 
အမျက်တော်ထွက်၍သူတို့အားနှိမ်နင်း တော်မူပါ။ 
 8 ကျွန်တော်မျိုးသည်အတိဒုက္ခရောက်လျက်ရှိ သည်ကို 
ကိုယ်တော်ရှင်သိတော်မူပါ၏။ 
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏မျက်ရည်ပေါက် များကိုစာရင်းပြု၍ထားတော်မူပြီ။ 
ကိုယ်တော်ရှင်၏စာစောင်တွင်စာရင်းပြု၍ထားသည် မဟုတ်ပါလော။ 
 9 ကိုယ်တော်ရှင်အားကျွန်တော်မျိုး 
တောင်းလျှောက်သောနေ့၌ရန်သူတို့သည် တပ်လန်ကြပါလိမ့်မည်။ 
ဘုရားသခင်သည်ငါ၏ဘက်တွင်ရှိတော်မူ ကြောင်းကို ငါသိ၏။ 
 10 ငါသည်ထာဝရဘုရား၏ကတိတော်များကို ချီးမွမ်းပါ၏။ 
 11 ငါသည်ကိုယ်တော်ကိုကိုးစားသဖြင့် အဘယ်သူကိုမျှ ကြောက်လန့်မည်မဟုတ်။ 
လူသည်ငါ့အားအဘယ်သို့ပြုနိုင်သနည်း။ 
 12 အို ဘုရားသခင်၊ 
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားသစ္စာကတိ ပြုခဲ့သည့်အတိုင်းသစ္စာဝတ်ကိုဖြေပါမည်။ 
ချီးမွမ်းရာပူဇော်သကာကိုကိုယ်တော်ရှင်အား ဆက်သပါမည်။ 
 13 အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် 
ကျွန်တော်မျိုးအားသေဘေးမှကယ်ဆယ်တော်မူ၍ 
အရေးရှုံးနိမ့်စေတော်မမူခဲ့သောကြောင့်ဖြစ်ပါ၏။ 
သို့ဖြစ်၍ကျွန်တော်မျိုးသည် 
အသက်ရှင်သူတို့၏အလင်းထဲမှာ ဘုရားသခင်၏ရှေ့တော်၌သွားလာပါ၏။ 
12^ * ဟေဗြဲခေါင်းစဉ်။ ဂါသသည်ဖိလိတ္တိအမျိုးသားတို့လက်တွင်း သို့ရောက်ပြီးနောက်ဒါဝိဒ်စပ်ဆိုသောဆာလံ။