111
ထာဝရဘုရားအားထောမနာပြုခြင်း 
 1 ထာဝရဘုရားအားထောမနာပြုလော့။ 
ငါသည်ထာဝရဘုရား၏လူစုတော် 
အစည်းအဝေးတွင်ကိုယ်တော်၏ကျေးဇူး တော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းမည်။ 
 2 ထာဝရဘုရားပြုတော်မူသောအမှုအရာ တို့သည် အံ့သြဖွယ်ကောင်းလှပါသည်တကား။ 
ထိုအမှုအရာများကိုနှစ်သက်သူအပေါင်း တို့သည် ယင်းတို့ကိုလေ့လာတတ်ကြ၏။ 
 3 ကိုယ်တော်ပြုသမျှသောအမှုတော်တို့သည် ဂုဏ်အသရေနှင့်ပြည့်စုံပါပေသည်။ 
ကိုယ်တော်၏ဖြောင့်မတ်ခြင်းတရားသည် ထာဝစဉ်တည်ပါ၏။ 
 4 ပြုတော်မူသောအံ့သြဖွယ်အမှုအရာတို့ကို မမေ့လျော့စေရန်စီရင်တော်မူပြီ။ 
ကိုယ်တော်သည်သနားကြင်နာတော်မူ၍ ကရုဏာတော်နှင့်ပြည့်ဝတော်မူ၏။ 
 5 ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူတို့အား ကျွေးမွေးတော်မူ၏။ 
မိမိပဋိညာဉ်တော်ကိုအဘယ်အခါ၌မျှ မေ့လျော့တော်မမူ။ 
 6 ကိုယ်တော်သည်အခြားလူမျိုးတို့၏နယ်မြေ များကို 
မိမိ၏လူစုတော်အားပေးတော်မူခြင်း အားဖြင့် တန်ခိုးတော်ကိုပြတော်မူလေပြီ။ 
 7 ကိုယ်တော်ပြုလေသမျှသောအမှုတို့သည် သစ္စာနှင့်လည်းကောင်း၊ 
တရားမျှတမှုနှင့်လည်းကောင်းညီပါ၏။ 
ကိုယ်တော်၏ပညတ်တော်မှန်သမျှသည် ယုံကြည်အားထားထိုက်ပါပေသည်။ 
 8 ထိုပညတ်တော်တို့သည်ထာဝစဉ်တည်ပါ၏။ 
ယင်းတို့ကိုသစ္စာတရားနှင့်လည်းကောင်း၊ 
ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း စီရင်ထားတော်မူပြီ။ 
 9 ကိုယ်တော်သည်မိမိ၏လူစုတော်အား လွတ်မြောက်စေတော်မူပြီးလျှင် 
သူတို့နှင့်ထာဝရပဋိညာဉ်ပြုတော် မူ၏။ 
ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်တော်မူ၍ တန်ခိုးကြီးတော်မူပါသည်တကား။ 
 10 ထာဝရဘုရားကိုကြောက်ရွံ့ရိုသေတတ်သော သဘောသည်ပညာ၏အချုပ်အခြာဖြစ်၏။ 
ပညတ်တော်ကိုစောင့်ထိန်းသူအပေါင်းတို့အား 
မှန်ကန်စွာဆုံးဖြတ်နိုင်ခွင့်ကိုကိုယ်တော်ပေး တော်မူ၏။ 
ကိုယ်တော်အားထာဝစဉ်ထောမနာပြုကြ ပါစေသတည်း။✡ ယောဘ၊ ၂၈:၂၈။ သု၊ ၁:၇၊ ၉:၁၀။