140
ကွယ်ကာစောင့်ထိန်းတော်မူရန် ဆုတောင်းပတ္ထနာ8 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသောဆာလံ။ 
 1 အို ထာဝရဘုရား၊ 
ဆိုးညစ်သူတို့လက်မှကျွန်တော်မျိုးအား ကယ်တော်မူပါ။ 
အကြမ်းဖက်သမားတို့၏ဘေးမှ လုံခြုံစွာထားတော်မူပါ။ 
 2 သူတို့သည်အစဉ်ပင်မကောင်းမှုပြုရန် 
ကြံစည်လျက်အစဉ်ပင်ခိုက်ရန်ဖြစ်ပွား စေရန် လှုံ့ဆော်ပေးကြပါ၏။ 
 3 သူတို့၏လျှာသည်အဆိပ်ပြင်းသောမြွေနှင့်တူ၍ 
သူတို့၏စကားသည်မြွေဟောက်၏ အဆိပ်နှင့်တူပါ၏။✡ ရော၊ ၃:၁၃။ 
 4 အို ထာဝရဘုရား၊ 
ကျွန်တော်မျိုးအားသူယုတ်မာတို့၏ဘေးမှ ကွယ်ကာစောင့်ထိန်းတော်မူပါ။ 
ကျွန်တော်မျိုးပြိုလဲပျက်စီးစေရန်ကြံစည်သူ 
အကြမ်းဖက်သမားတို့၏ဘေးမှလုံခြုံစွာ ထားတော်မူပါ။ 
 5 မာန်မာနကြီးသူတို့သည်ကျွန်တော်မျိုးအတွက် ထောင်ချောက်ကိုထောင်ထားကြပါပြီ။ 
သူတို့သည်ကျွန်တော်မျိုးအားဖမ်းရန် 
လမ်းတွင်ပိုက်ကွန်ကိုဖြန့်၍ကျော့ကွင်းကို ထောင်ထားကြပါပြီ။ 
 6 ``ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ 
ဘုရားဖြစ်တော်မူ၏'' ဟုထာဝရဘုရားအား လျှောက်ထား၏။ 
အို ထာဝရဘုရား 
ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို ကြားတော်မူပါ၏။ 
 7 အို ဘုရားရှင်ထာဝရဘုရား၊ 
ကျွန်တော်မျိုး၏စွမ်းအားကြီးသောကယ်တင်ရှင်၊ 
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားစစ်ပွဲတွင် ကွယ်ကာစောင့်ထိန်းတော်မူပါပြီ။ 
 8 အို ထာဝရဘုရား၊ 
သူယုတ်မာ၏အလိုဆန္ဒကို ပြည့်စုံစေတော်မမူပါနှင့်။ 
သူတို့၏ဆိုးယုတ်သောအကြံအစည်များကို အောင်မြင်ခွင့်ပေးတော်မမူပါနှင့်။ 
 9 ကျွန်တော်မျိုး၏ရန်သူများအားအောင်ပွဲခံခွင့် ပေးတော်မမူပါနှင့်။ 
ကျွန်တော်မျိုးအားခြိမ်းခြောက်ပြောဆိုသမျှ တို့ကို သူတို့ခံကြရပါစေသော။ 
 10 မီးကျီးခဲများသည်သူတို့၏ဦးခေါင်းပေါ်သို့ ကျကြပါစေသော။ 
သူတို့သည်တွင်းထဲသို့ကျပြီးလျှင် အဘယ်အခါ၌မျှပြန်၍မတက်နိုင်ပါစေနှင့်။ 
 11 သူတစ်ပါးတို့အားလိမ်လည်စွပ်စွဲကြ သူတို့သည် မအောင်မြင်ပါစေနှင့်။ 
မကောင်းမှုသည်အကြမ်းဖက်သမားတို့အား အမီလိုက်၍သုတ်သင်ဖျက်ဆီးပါစေသော။ 
 12 အို ထာဝရဘုရား၊ 
ကိုယ်တော်ရှင်သည်ဆင်းရဲသူတို့၏အကျိုးနှင့် 
ချို့တဲ့နွမ်းပါးသူတို့၏အခွင့်အရေးများကို ကွယ်ကာတော်မူကြောင်းကျွန်တော်မျိုးသိပါ၏။ 
 13 သူတော်ကောင်းတို့သည်ကိုယ်တော်ရှင်အား အမှန်ပင် ထောမနာပြုကြပါလိမ့်မည်။ 
သူတို့သည်ကိုယ်တော်ရှင်၏ရှေ့တော်မှောက်တွင် နေရကြပါလိမ့်မည်။