၃၂
၁ ``မိုးကောင်းကင်နှင့်ပထဝီမြေကြီးတို့ ငါ ပြောသမျှကိုစေ့စေ့နားထောင်လော့။ 
၂ ငါ့သွန်သင်ချက်သည်မိုးပေါက်ကဲ့သို့ကျ၍ မြေပေါ်တွင်နှင်းပေါက်ကဲ့သို့တင်ရှိလိမ့်မည်။ 
ငါ့စကားသည်အပင်ငယ်များပေါ်သို့ ရွာသောမိုးကဲ့သို့လည်းကောင်း၊ 
မြက်နုပေါ်တွင်ကျသောမိုးဖွဲကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ 
၃ ငါသည်ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းမည်။ 
ကိုယ်တော်၏လူမျိုးတော်သည် 
ကိုယ်တော်၏ကြီးမြတ်တော်မူပုံကို ထုတ်ဖော်ပြောဆိုကြလိမ့်မည်။ 
၄ ``ထာဝရဘုရားသည်သင်တို့ကိုကာကွယ် တော်မူသော အရှင်ဖြစ်တော်မူ၏။ 
အမှုတော်ခပ်သိမ်းတို့သည်စုံလင်၍ တရားမျှတပေ၏။ 
သင်တို့၏ဘုရားသခင်သည်သစ္စာတည်သောဘုရား၊ ဖြောင့်မတ်မှန်ကန်သောဘုရားဖြစ်တော်မူ၏။ 
၅ သင်တို့သည်ကားသစ္စာမစောင့်သော၊ ထာဝရဘုရား၏လူမျိုးတော်မဖြစ်ထိုက်သော၊ 
လိမ်လည်လှည့်ဖြားသောလူမျိုးဖြစ်ကြ၏။ 
၆ မိုက်မဲ၍အသိတရားကင်းမဲ့သောလူမျိုး၊ ထာဝရဘုရားကို 
ဤကဲ့သို့ကျေးဇူးဆပ်သင့်သလော။ 
ကိုယ်တော်သည်သင်တို့ကိုဖန်ဆင်းသောအရှင်၊ သင်တို့၏အဖဖြစ်တော်မူ၏။ 
သင်တို့အားလူမျိုးတစ်မျိုးအဖြစ် ပေါ်ထွန်းစေတော်မူ၏။ 
၇ ``လွန်လေပြီသောအတိတ်ကာလကို သတိရလော့။ 
ဖြစ်ပျက်ခဲ့သမျှကိုသင်တို့၏ဖခင်တို့အား မေးစမ်းကြည့်လော့။ 
အသက်ကြီးသူတို့အားရှေးဖြစ်ဟောင်းကို ပြောပြစေလော့။ 
၈ အမြင့်မြတ်ဆုံးသောဘုရားသည်တိုင်းနိုင်ငံတို့၏ နယ်နိမိတ်များကိုလည်းကောင်း၊ 
လူမျိုးအသီးသီးတို့နေထိုင်ရာပြည်များ ကိုလည်းကောင်း 
သတ်မှတ်ပေးတော်မူသောအခါ၊ 
နိုင်ငံအသီးသီးတို့အတွက်နတ်ဘုရား များကို သတ်မှတ်ပေးတော်မူ၏။ 
၉ သို့ရာတွင်ကိုယ်တော်သည်ယာကုပ်၏ အဆက်အနွယ်တို့ကို 
မိမိအတွက်ရွေးချယ်တော်မူ၏။ 
၁၀ ``ကိုယ်တော်သည်သူတို့ကိုလေထန်သော 
တောကန္တာရ၌လှည့်လည်နေသည်ကို တွေ့မြင်တော်မူသဖြင့်၊ 
မိမိ၏ရင်သွေးသဖွယ်သူတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ 
၁၁ လင်းယုန်ငှက်သည်သားငယ်များကို 
အပျံသင်သည့်အခါမိမိ၏တောင်ပံများကို ဖြန့်၍ဖမ်းယူသကဲ့သို့၊ 
ထာဝရဘုရားသည်ဣသရေလလူမျိုးကို ဆောင်ယူသယ်ပိုးတော်မူ၏။ 
၁၂ အခြားဘုရား၏အကူအညီကိုမယူဘဲ ထာဝရဘုရားတစ်ပါးတည်းသာလျှင်၊ 
မိမိ၏လူမျိုးတော်ကိုရှေ့ဆောင်လမ်းပြ တော်မူခဲ့၏။ 
၁၃ ``ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား တောင်ကုန်းဒေသများကိုအုပ်စိုးစေ၍ 
လယ်မှထွက်သောအသီးအနှံများကို စားသုံးစေတော်မူ၏။ 
သူတို့သည်ကျောက်ကြားမှပျားရည်ကို လည်းကောင်း၊ 
ကျောက်ပေါများသောမြေတွင်ပေါက်သော 
သံလွင်ပင်များမှဆီကိုလည်းကောင်းရရှိ ကြ၏။ 
၁၄ သူတို့၏ဆိတ်များနွားများမှနို့လှိုင်လှိုင် ထွက်၏။ 
မျိုးအကောင်းဆုံးသိုးဆိတ်နွားများကိုပိုင်၍ 
မျိုးအသန့်ဆုံးဂျုံနှင့်အကောင်းဆုံးစပျစ် ရည်ကို စားသုံးရကြ၏။ 
၁၅ ``ထာဝရဘုရား၏လူမျိုးတော်သည် ကြွယ်ဝချမ်းသာသဖြင့် 
ဘုရားကိုပုန်ကန်ကြ၏။ 
သူတို့သည်ဝဖြိုးလာကြ၏။ အစားအစာဝစွာစားရကြ၏။ 
သူတို့အားဖန်ဆင်းသောဘုရားသခင်ကို စွန့်၍ 
တန်ခိုးကြီးသောကယ်တင်ရှင်အားပစ်ပယ် ကြ၏။ 
၁၆ သူတို့သည်ရုပ်တုဘုရားများကိုကိုးကွယ်သည့် အပြစ်ဒုစရိုက်ကြောင့် 
ပြိုင်ဘက်ကင်းသည့်ထာဝရဘုရားအား အမျက်တော်ထွက်စေကြ၏။ 
၁၇ သူတို့သည်ဘိုးဘေးတို့မကိုးကွယ်ခဲ့ဘူးသော 
ဣသရေလလူမျိုးမဆည်းကပ်ခဲ့ဘူးသော၊ ဘုရားသစ်များအားယဇ်ပူဇော်ကြ၏။ 
၁၈ သူတို့သည်တန်ခိုးကြီးသည့်ကယ်တင်ရှင်၊ 
မိမိတို့ကိုဖြစ်ပွားစေတော်မူသောဘုရားသခင်ကို မေ့လျော့ကြ၏။ 
၁၉ ``ထာဝရဘုရားသည်ထိုအမှုအရာကို မြင်သောအခါအမျက်တော်ထွက်၍၊ 
မိမိ၏သားသမီးတို့ကိုစွန့်ပယ်တော်မူ၏။ 
၂၀ ထာဝရဘုရားက`သူတို့သည်ခေါင်းမာ၍ သစ္စာမဲ့သောသူများဖြစ်ကြ၏။ 
ငါသည်သူတို့ကိုမကူညီဘဲနေမည်။' 
ထို့နောက်သူတို့သည်အဘယ်သို့ဖြစ်မည်ကို ငါစောင့်ကြည့်မည်။ 
၂၁ သူတို့၏ရုပ်တုဘုရားများဖြင့်ငါ့အား အမျက်ထွက်စေကြ၏။ 
သူတို့၏ဘုရားအတုအယောင်များအားဖြင့် ပြိုင်ဘက်ကိုလုံးဝလက်မခံနိုင်သော 
ငါ၏စိတ်တော်ကိုလှုံ့ဆော်ကြ၏။ 
သို့ဖြစ်၍မရေရာသောလူမျိုးအားဖြင့် သူတို့အားဒေါသထွက်စေမည်။ 
မိုက်မဲသောလူမျိုးအားဖြင့်သူတို့အား မနာလိုစိတ်ဖြစ်ပေါ်စေမည်။ 
၂၂ ငါ၏အမျက်တော်သည်မီးကဲ့သို့တောက်လောင်၍ 
မြေကြီးပေါ်တွင်ရှိသမျှတို့ကိုလောင်ကျွမ်း စေမည်။ 
အမျက်တော်မီးသည်မရဏာနိုင်ငံ တိုင်အောင်လည်းကောင်း၊ 
တောင်အောက်ခြေသို့တိုင်အောင်လည်းကောင်း လောင်လိမ့်မည်။ 
၂၃ `` `ငါသည်သူတို့အားဘေးဒဏ်များကို အဆက်မပြတ်တွေ့ကြုံစေမည်။ 
ငါ၏မြားကုန်စင်အောင်သူတို့ကိုပစ်ခွင်းမည်။ 
၂၄ သူတို့သည်ငတ်မွတ်၊ဖျားနာ၍သေကြလိမ့်မည်။ 
ကြောက်မက်ဖွယ်သောရောဂါများဖြင့် သေဆုံးကြလိမ့်မည်။ 
သားရဲတိရစ္ဆာန်တို့သည်သူတို့ကို ကိုက်ဖြတ်လိမ့်မည်။ 
မြွေဆိုးတို့သည်သူတို့ကိုကိုက်လိမ့်မည်။ 
၂၅ စစ်ဘေးကြောင့်လူတို့သည်လမ်းများပေါ်၌ သေဆုံးကြလိမ့်မည်။ 
နေအိမ်များတွင်ကြောက်မက်ဖွယ်ရာဘေးနှင့် တွေ့ကြုံရလိမ့်မည်။ 
ယောကျာ်းပျိုနှင့်မိန်းမပျိုတို့သေဆုံးရကြလိမ့်မည်။ 
နို့စို့ကလေးနှင့်အဖိုးအိုတို့သေဆုံးရကြလိမ့်မည်။ 
၂၆ ငါသည်သူတို့ကိုတစ်ယောက်မကျန် သုတ်သင်ဖျက်ဆီးပစ်မည်ဟုအကြံရှိ၏။ 
၂၇ သို့ရာတွင်သူတို့၏ရန်သူများသည်မိမိ တို့၏ အစွမ်းကြောင့် 
ငါ၏လူမျိုးတော်ကိုအောင်မြင်သည်ဟူ၍ ဝါကြွားခွင့်ကိုငါပေးမည်မဟုတ်။' 
၂၈ ``ဣသရေလလူမျိုးသည်စဉ်းစားဉာဏ်မရှိ၊ အသိဉာဏ်ကင်းမဲ့ကြ၏။ 
၂၉ သူတို့သည်မည်သည့်အကြောင်းကြောင့် စစ်ရှုံးရသည်ကိုမသိကြ။ 
ဖြစ်ပျက်သည့်အကြောင်းအရာကိုလည်း နားမလည်နိုင်ကြ။ 
၃၀ လူတစ်ထောင်တပ်ကိုလူတစ်ယောက် ကလည်းကောင်း၊ 
လူတစ်သောင်းတပ်ကိုလူနှစ်ယောက်တို့ ကလည်းကောင်း 
အဘယ်ကြောင့်နှိမ်နင်းနိုင်ခဲ့သနည်း။ 
သူတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့အားစွန့်ပစ်တော်မူသောကြောင့်တည်း။ 
သူတို့၏တန်ခိုးကြီးသောဘုရားသခင်သည် 
သူတို့အားရန်သူလက်သို့အပ်တော်မူ သောကြောင့်တည်း။ 
၃၁ သူတို့၏ရန်သူများသည်မိမိတို့၏ဘုရားများ အားနည်း၍ 
ဣသရေလအမျိုးသားတို့၏ဘုရားကဲ့သို့ တန်ခိုးမကြီးကြောင်းသိကြ၏။ 
၃၂ သူတို့၏ရန်သူများသည်သောဒုံမြို့သား၊ ဂေါမောရ မြို့သားတို့ကဲ့သို့အကျင့်ပျက်လျက် 
ခါး၍အဆိပ်တောက်သောစပျစ်သီးကိုသီးသည့် စပျစ်နွယ်ပင်ကဲ့သို့လည်းကောင်း၊ 
၃၃ မြွေအဆိပ်တောက်သောစပျစ်ရည် ကဲ့သို့လည်းကောင်းဖြစ်ကြ၏။ 
၃၄ ``ထာဝရဘုရားသည်သူတို့၏ရန်သူများ ပြုလုပ်သမျှကိုသိမြင်တော်မူသဖြင့်၊ 
သူတို့အားဒဏ်ခတ်ရန်အချိန်ကိုစောင့်ဆိုင်း နေတော်မူ၏။ 
၃၅ ထာဝရဘုရားသည်ရန်သူတို့အားဒဏ်ခတ်၍ လက်စားချေတော်မူမည်။ 
သူတို့ရှုံးနိမ့်ရသောအချိန်ရောက်လိမ့်မည်။ 
သူတို့ပျက်စီးရသောအချိန်နီးပြီ။ 
၃၆ ထာဝရဘုရားသည်မိမိလူမျိုးတော်၏ အင်အားကုန်သည့်အဖြစ်ကိုမြင်ရသော အခါ 
သူတို့အားကယ်တင်တော်မူလိမ့်မည်။ 
ကိုယ်တော်ရှင်ကိုဆည်းကပ်ကိုးကွယ်သူတို့ ခိုကိုးရာမဲ့သည့်အဖြစ်ကိုမြင်တော်မူသော အခါ 
သူတို့အားကရုဏာပြတော်မူလိမ့်မည်။ 
၃၇ ထိုအခါထာဝရဘုရားသည်မိမိ၏လူမျိုး တော်အား 
`သင်တို့ယုံကြည်ကိုးစားရာ၊တန်ခိုးကြီးသော ဘုရားများအဘယ်မှာရှိသနည်း။ 
၃၈ သင်တို့သည်ထိုဘုရားများအားယဇ်ကောင် မှအဆီ အဥနှင့်စပျစ်ရည်ကိုပူဇော်ဆက်သခဲ့ကြပြီ။ 
ထိုဘုရားများသည်ယခုကြွလာ၍သင်တို့ အား ကူမပါလေစေ။ 
အမြန်ကြွလာ၍ကယ်တင်ပါလေစေ။ 
၃၉ `` `ငါတစ်ဆူတည်းသာလျှင်ဘုရားဖြစ် တော်မူ၏။ 
ငါသာလျှင်စစ်မှန်သောဘုရားဖြစ်၏။ 
ငါသည်အသက်ကိုရုပ်သိမ်းပိုင်၏။ 
အသက်ကိုပေးပိုင်၏။ 
ငါသည်ဒဏ်ရာရစေနိုင်၏။ 
ဒဏ်ရာကိုပျောက်ကင်းစေနိုင်၏။ 
၄၀ ငါသည်နိစ္စထာဝရအသက်ရှင်တော်မူ သည့်အတိုင်း 
ငါသည်ကောင်းကင်သို့လက်ကိုမြှောက်၍ ကျိန်ဆို၏။ 
၄၁ ငါသည်ပြောင်လက်သောဋ္ဌားကိုသွေး၍ တရားမျှတစွာစီရင်မည်။ 
ငါ၏ရန်သူတို့ကိုလက်စားချေ၍ငါ့အား မုန်းသူတို့ကိုဒဏ်စီရင်မည်။ 
၄၂ ငါ၏မြားများတွင်သူတို့၏သွေးစက်စီး ကျလိမ့်မည်။ 
ငါ၏သန်လျက်သည်ငါ့အားဆန့်ကျင်သူ ရှိသမျှတို့ကိုသုတ်သင်လိမ့်မည်။ 
ငါ့ကိုရန်ဖက်ပြုသူတို့အားတစ်ယောက်မကျန် အဆုံးစီရင်မည်။ 
ဒဏ်ရာရသူနှင့်သုံ့ပန်းများပင်လျှင် သေဆုံးရလိမ့်မည်။' 
၄၃ ``တိုင်းနိုင်ငံတို့၊ထာဝရဘုရား၏လူမျိုး တော်ကို ချီးကူးကြလော့။ 
ကိုယ်တော်သည်မိမိလူမျိုးတော်ကိုသတ်သူ ရှိသမျှတို့အားဒဏ်ခတ်တော်မူမည်။ 
ကိုယ်တော်၏ရန်သူတို့ကိုလက်စားချေမည်။ 
မိမိလူမျိုးတော်၏အပြစ်များကိုလွှတ်တော် မူမည်။'' 
၄၄ မောရှေနှင့်နုန်၏သားယောရှုတို့သည်ဣသ ရေလအမျိုးသားတို့ကြားနိုင်လောက်အောင် ဤသီချင်းကိုရွတ်ဆိုကြလေသည်။ 
မောရှေ၏နောက်ဆုံးညွှန်ကြားချက်များ 
၄၅ မောရှေသည်ဣသရေလအမျိုးသားအပေါင်း တို့အား ဘုရားသခင်၏မိန့်မှာချက်များကို ဆင့်ဆိုပြီးနောက်ဆက်လက်၍၊- 
၄၆ ``သင်တို့အားငါယနေ့ပေးသမျှသောပညတ် တို့ကိုစောင့်ထိန်းကြလော့။ သင်တို့၏သားသမီး တို့သည်လည်း ဘုရားသခင်၏ပညတ်ရှိသမျှ ကို တစ်သဝေမတိမ်းလိုက်လျှောက်စေရန်သွန် သင်လော့။- 
၄၇ ဤပညတ်များသည်အကျိုးမဲ့ဖြစ်သည်မဟုတ်။ သင်တို့အသက်ရှင်ရာရှင်ကြောင်းဖြစ်၏။ သင် တို့သည်ဤပညတ်တို့ကိုစောင့်ထိန်းလျှင်ယော်ဒန် မြစ်တစ်ဖက်ရှိသင်တို့ဝင်ရောက်မည့်ပြည်တွင် ကြာရှည်စွာနေထိုင်ရကြလိမ့်မည်'' ဟုမှာ ကြားလေသည်။ 
၄၈ ထိုနေ့၌ပင်ထာဝရဘုရားကမောရှေအား၊- 
၄၉ ``ယေရိခေါမြို့တစ်ဘက်မောဘပြည်ရှိအာဗ ရိမ်တောင်တန်းသို့သွား၍ နေဗောတောင်ထိပ်ပေါ် သို့တက်လော့။ ထိုတောင်ထိပ်ပေါ်မှနေ၍ ဣသရေ လအမျိုးသားတို့အား ငါပေးမည့်ခါနာန်ပြည် ကိုမြော်ကြည့်လော့။- 
၅၀ သင်၏အစ်ကိုအာရုန်သည်ဟောရတောင်ပေါ် တွင် အနိစ္စရောက်ရသည့်နည်းတူ သင်သည်လည်း ထိုတောင်ပေါ်၌အနိစ္စရောက်ရမည်။- 
၅၁ အဘယ်ကြောင့်ဆိုသော်သင်တို့နှစ်ဦးစလုံး သည် ဇိနတောကန္တာရရှိကာဒေရှမြို့အနီး မေရိဘစမ်းသို့ရောက်စဉ်အခါက ဣသ ရေလအမျိုးသားတို့ရှေ့တွင် ငါ့အားမရို မသေပြုကြသောကြောင့်ဖြစ်၏။- 
၅၂ သင်သည်ဣသရေလအမျိုးသားတို့အား ငါပေးသောပြည်ကိုမဝင်ရဘဲ အဝေးမှ မြင်ရုံသာမြင်ရမည်'' ဟုမိန့်တော်မူ၏။