နောဧနှင့်ပဋိညာဉ်ပြုတော်မူခြင်း 
၉
၁ ဘုရားသခင်သည်နောဧနှင့်သူ၏သားတို့အားကောင်းချီးပေး၍``သင်တို့၏သားစဉ်မြေးဆက်တို့သည်မြေကြီးပေါ်တွင် နေရာအနှံ့အပြားနေထိုင်နိုင်ကြစေရန်သားသမီးမြောက်မြားစွာမွေးဖွားကြလော့။- 
၂ တိရစ္ဆာန်၊ ငှက်၊ ငါးအပေါင်းတို့သည်သင်တို့ကိုကြောက်ရွံ့ရကြလိမ့်မည်။ ထိုသတ္တဝါတို့ကိုသင်တို့လက်၌ငါအပ်ပေး၏။- 
၃ သင်တို့သည်ထိုသတ္တဝါနှင့်အသီးအရွက်တို့ကိုစားသုံးနိုင်ကြ၏။ ထိုအရာအားလုံးကိုသင်တို့စားသုံးရန်ငါပေး၏။- 
၄ သင်တို့မစားရသောအရာတစ်ခုရှိ၏။ ထိုအရာကားသွေးပါရှိသည့်အသားဖြစ်၏။ အဘယ်ကြောင့်ဆိုသော်သွေး၌အသက်တည်ရှိသောကြောင့်ဖြစ်သတည်း။- 
၅ လူ့အသက်ကိုသတ်သောသူအားဒဏ်ခံစေမည်။ လူကိုသတ်သောတိရစ္ဆာန်အားငါသည်သေဒဏ်ခံစေမည်။- 
၆ လူကိုဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်တူစွာဖန်ဆင်းတော်မူသဖြင့် လူကိုသတ်သောသူအားလူ့လက်ဖြင့်သတ်လိမ့်မည်။ 
၇ ``သင်တို့၏သားစဉ်မြေးဆက်တို့သည်ကမ္ဘာမြေကြီးပေါ်တွင် နေရာအနှံ့အပြားနေထိုင်နိုင်စေရန်သားသမီးမြောက်မြားစွာမွေးဖွားကြလော့'' ဟုမိန့်တော်မူ၏။ 
၈ ဘုရားသခင်သည်နောဧနှင့်သူ၏သားတို့အား၊- 
၉ ``သင်တို့နှင့်လည်းကောင်း၊ သင်တို့မှဆင်းသက်သောမျိုးဆက်များနှင့်လည်းကောင်း၊- 
၁၀ သင်္ဘောထဲမှသင်တို့နှင့်အတူထွက်လာသောသက်ရှိသတ္တဝါဖြစ်သည့်ငှက်နှင့်တိရစ္ဆာန်အပေါင်းတို့နှင့်လည်းကောင်းငါသည်ယခုပဋိညာဉ်ပြု၏။- 
၁၁ သင်တို့နှင့်ငါယခုပြုသောပဋိညာဉ်စကားဟူမူကား`သက်ရှိသတ္တဝါအပေါင်းတို့သည်နောင်မည်သည့်အခါ၌မျှရေလွှမ်းမိုး၍နောက်တစ်ဖန်မပျက်စီးစေရ။- 
၁၂ သင်နှင့်တကွသက်ရှိသတ္တဝါအားလုံးတို့နှင့် ငါထာဝစဉ်ပြုသောပဋိညာဉ်၏လက္ခဏာသက်သေအဖြစ်ဖြင့်၊- 
၁၃ မိုးတိမ်ထဲ၌ငါ၏သက်တံ့ကိုပေါ်စေမည်။ ထိုသက်တံသည်ကမ္ဘာလောကနှင့်ငါပြုသောပဋိညာဉ်၏လက္ခဏာသက်သေဖြစ်လိမ့်မည်။- 
၁၄ ငါသည်မိုးကောင်းကင်သို့တိမ်များတက်လာစေ၍ တိမ်ထဲတွင်သက်တံ့ပေါ်လာသည့်အခါတိုင်း၊- 
၁၅ သက်ရှိသတ္တဝါအပေါင်းတို့ကိုနောက်တစ်ဖန်ရေလွှမ်းမိုးခြင်းဘေးဒဏ်ဖြင့် မသေကြေမပျက်စီးရဟုသင်တို့နှင့်တကွတိရစ္ဆာန်အပေါင်းတို့အားငါထားသောကတိကိုသတိရမည်။- 
၁၆ တိမ်များထဲ၌သက်တံ့ပေါ်လာသောအခါ ထိုသက်တံ့ကိုငါမြင်ရ၍ ကမ္ဘာမြေကြီးပေါ်ရှိသက်ရှိသတ္တဝါအပေါင်းတို့နှင့်ငါထာဝစဉ်ပြုသောပဋိညာဉ်ကိုသတိရမည်' ဟူ၍ဖြစ်သည်။- 
၁၇ ဤသည်ကားကမ္ဘာမြေကြီးပေါ်ရှိသတ္တဝါအပေါင်းတို့နှင့် ငါပြုသောကတိတော်၏လက္ခဏာသက်သေဖြစ်၏'' ဟုမိန့်တော်မူ၏။ 
နောဧနှင့်သားများ 
၁၈ သင်္ဘောထဲမှထွက်လာခဲ့ကြသောနောဧ၏သားများမှာရှေမ၊ ဟာမနှင့်ယာဖက်တို့ဖြစ်ကြ၏။ (ဟာမသည်ခါနာန်၏အဖဖြစ်၏။-) 
၁၉ ကမ္ဘာမြေကြီးပေါ်ရှိလူအပေါင်းတို့သည် နောဧ၏သားသုံးယောက်တို့မှဆင်းသက်ပေါက်ပွားလာကြကုန်၏။ 
၂၀ နောဧသည်တောင်သူလယ်သမားတစ်ဦးဖြစ်၍ စပျစ်ခြံကိုအဦးဆုံးစိုက်ပျိုးခဲ့သူဖြစ်၏။- 
၂၁ သူသည်စပျစ်ရည်သောက်၍မူးယစ်လာသဖြင့် မိမိအဝတ်များကိုချွတ်ပစ်ပြီးလျှင် တဲထဲ၌ကိုယ်တုံးလုံးနေလေ၏။- 
၂၂ ခါနာန်၏ဖခင်ဟာမသည်သူ၏ဖခင်ကိုယ်တုံးလုံးရှိသည့်အဖြစ်ကိုမြင်ရလျှင် အပြင်သို့ထွက်၍အစ်ကိုနှစ်ယောက်တို့အားပြောပြလေ၏။- 
၂၃ ထိုအခါရှေမနှင့်ယာဖက်တို့သည်ဝတ်ရုံတစ်ထည်ကို မိမိတို့၏ပခုံးများပေါ်တွင်တင်၍ယူခဲ့ကြ၏။ သူတို့သည်တဲထဲသို့ကျောခိုင်းဝင်လာကြပြီးလျှင် သူတို့၏ဖခင်အားလွှမ်းခြုံပေးကြ၏။ ဖခင်ကိုယ်တုံးလုံးရှိသည့်အဖြစ်ကိုမမြင်စေရန် မျက်နှာလွှဲထားကြ၏။- 
၂၄ နောဧအမူးပြေ၍သတိရလာသဖြင့် အငယ်ဆုံးသားပြုမူပုံကိုသိရှိရသောအခါ၊ 
၂၅ ``ခါနာန်သည်ကျိန်စာသင့်ပါစေသော။ 
သူသည်အစ်ကိုတို့ထံတွင်ကျွန်ခံရပါစေသော။ 
၂၆ ရှေမ၏ဘုရားသခင်ထာဝရဘုရား၏ 
ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြစေသတည်း။ 
ခါနာန်သည်ရှေမ၏ကျွန်ဖြစ်ရပါစေသော။ 
၂၇ ဘုရားသခင်သည်ယာဖက်ကိုချီးမြှင့်ပါစေသော။ 
သူ၏အဆက်အနွယ်တို့သည်ရှေမ၏အမျိုးအနွယ်နှင့်အတူနေရပါစေသော။ 
ခါနာန်သည်ယာဖက်၏ကျွန်ဖြစ်ရပါစေသော'' ဟုဆိုလေ၏။ 
၂၈ ရေလွှမ်းမိုးခြင်းဘေးလွန်ပြီးနောက်နောဧသည် နှစ်ပေါင်းသုံးရာငါးဆယ်ဆက်လက်အသက်ရှင်နေထိုင်၍၊- 
၂၉ အသက်ကိုးရာငါးဆယ်နှစ်ရှိသော်ကွယ်လွန်လေ၏။