လူမျိုးတကာတို့အတွက်အလင်း 
၄၉
၁ တိုင်းတစ်ပါးမှလူမျိုးအပေါင်းတို့၊ ရပ်ဝေးတွင် နေထိုင်သောလူတို့၊ 
ငါပြောသည်ကိုသင်တို့နားထောင်ကြလော့။ 
ငါမမွေးမဖွားမီအခါကပင်လျှင် 
ထာဝရဘုရားသည်ငါ့ကိုရွေးကောက်တော်မူ၍၊ မိမိ၏အစေခံအဖြစ်ဖြင့်ခန့်ထားတော်မူပါ၏။ 
၂ ကိုယ်တော်သည်ငါ၏နှုတ်ကိုဋ္ဌားကဲ့သို့ထက်မြက် စေ၍၊ 
လက်တော်ဖြင့်ငါ့ကိုကွယ်ကာစောင့်ရှောက် တော်မူပါ၏။ 
ကိုယ်တော်သည်ချွန်မြ၍အသုံးပြုရန်အသင့်ရှိသည့် မြားကဲ့သို့ငါ့ကိုဖြစ်စေတော်မူ၍၊ 
၃ ငါ့အားကိုယ်တော်က``အို ဣသရေလ၊သင်သည် ငါ၏အစေခံဖြစ်၏။ 
သင်၏အတွက်ကြောင့်လူတို့သည်၊ငါ့ကို ထောမနာပြုကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။ 
၄ ငါသည်လည်းမိမိလုပ်ဆောင်ခဲ့သည့်အမှုတို့ အကျိုးမရှိပုံကိုလည်းကောင်း၊ 
မိမိမှာအားအင်သာလျှင်ကုန်ခန်းလျက် 
အဘယ်အမှုအရာမျှမအောင်မြင်ပုံကို လည်းကောင်း တစ်ကိုယ်တည်းပြောဆိုနေမိ၏။ 
သို့ရာတွင်ငါသည်မိမိ၏အမှုကိစ္စများ အဆင်ပြေစေရန် 
ထာဝရဘုရားကိုယုံကြည်ကိုးစားနိုင်ပါစေ။ 
ကိုယ်တော်သည်ငါပြုသည့်အမှုအတွက် ဆုလာဘ်များကိုပေးသနားတော်မူလိမ့်မည်။ 
၅ အမိဝမ်းတွင်ရှိစဉ်အခါကပင်လျှင်၊ငါ့အား ထာဝရဘုရားသည်ရွေးချယ်ထားတော်မူပါ၏။ 
ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား ပြန်လည်ခေါ်ဆောင်လာစေရန်၊ 
ပျံ့လွင့်လျက်ရှိသည့်ဣသရေလအမျိုးသား တို့အား ပြန်လည်ခေါ်ဆောင်လာစေရန် 
အစေခံအဖြစ်ဖြင့်ငါကိုခန့်ထားတော်မူပါ၏။ 
ထာဝရဘုရားသည်ငါ့ကိုဂုဏ်ပြုတော်မူ၍ ငါ့ခွန်အား၏အရင်းအမြစ်ဖြစ်တော်မူ၏။ 
၆ ထာဝရဘုရားကငါ့အား``ငါ၏အစေခံ၊ 
သင့်အားငါသည်ပိုမိုကြီးမြတ်သည့်အမှုကို ဆောင်ရွက်စေမည်။ 
မသေဘဲကျန်ရှိနေသူဣသရေလအမျိုးသား တို့ ပြန်လည်တန်ခိုးကြီးမားလာကြစေရန်သာမက 
ကမ္ဘာတစ်ဝှမ်းလုံးပင်ကယ်တင်ခြင်းခံရကြစေရန် 
ငါသည်သင့်အားလူမျိုးတကာတို့၏အလင်း ဖြစ်စေမည်'' ဟုမိန့်တော်မူ၏။ 
၇ လူမျိုးတကာတို့၏ရွံရှာမုန်းတီးခြင်းကို များစွာခံရ၍၊ 
မင်းဆိုးမင်းညစ်တို့၏အစေခံဖြစ်သူအား၊ 
ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် သည့် ဘုရားသခင်၊ကယ်တင်ရှင်က၊ 
``ပြည်ရှင်မင်းတို့သည်သင့်အားလွတ်မြောက် စေပြီးလျှင် ထ၍အရိုအသေပေးကြလိမ့်မည်။ 
မင်းညီမင်းသားများသည်လည်းသင့်ကိုမြင်၍၊ ဦးညွှတ်ပျပ်ဝပ်ကာအလေးပြုကြလိမ့်မည်။'' 
အဘယ်ကြောင့်ဆိုသော်၊ကတိတည်တော်မူသော ထာဝရဘုရားတည်းဟူသော၊ 
ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် တော်မူသောဘုရားသခင်သည်၊ 
သင့်ကိုရွေးချယ်ခန့်ထားတော်မူပြီ ဖြစ်သောကြောင့်တည်းဟုမိန့်တော်မူပါ၏။ 
ယေရုရှလင်မြို့ကိုပြန်လည်ထူထောင်ခြင်း 
၈ ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား 
``သင်တို့ကိုကယ်ရန်အချိန်ကျသောအခါ၊ ငါသည်သင်တို့အားအခွင့်အရေးပေး၍၊ 
ကူမတော်မူရန်သင်တို့ဟစ်အော်သံကို နားညောင်းမည်။ 
ငါသည်သင်တို့အားထိန်းသိမ်းကွယ်ကာ စောင့်ရှောက်မည်။ 
သင်တို့အားဖြင့်လူအပေါင်းတို့နှင့်လည်း ပဋိညာဉ်ဖွဲ့မည်။ 
ယခုယိုယွင်းပျက်စီးလျက်ရှိသည့်သင်တို့ ၏ပြည်တွင်၊ 
တစ်ဖန်အတည်တကျပြန်လည်နေထိုင်ခွင့်ကို သင်တို့အားငါပေးမည်။ 
၉ အကျဉ်းကျလျက်နေသူတို့အား`လွတ်လပ်စွာ ထွက်ခွာသွားကြလော့' ဟူ၍လည်းကောင်း၊ 
မှောင်မိုက်တွင်ရှိနေသူတို့အား`အလင်းသို့ ဝင်ကြလော့' ဟူ၍လည်းကောင်းငါပြောမည်။ 
သူတို့သည်တောင်ကုန်းများပေါ်တွင်ပင် 
ကျက်စားလျက်နေသော သိုးများနှင့်တူလိမ့်မည်။ 
၁၀ သူတို့သည်အဘယ်အခါ၌မျှအစာရေစာ ငတ်မွတ် ရလိမ့်မည်မဟုတ်။ 
သူတို့သည်မိမိတို့အားချစ်မြတ်နိုးတော် မူသော အရှင်၏လမ်းပြပို့ဆောင်မှုကိုခံယူ၍၊ 
နေနှင့်သဲကန္တာရအပူရှိန်ကြောင့်ဘေး အန္တရာယ် ရောက်ရလိမ့်မည်မဟုတ်။ 
ထိုအရှင်သည်သူတို့အားစမ်းရေတွင်းများ ရှိရာသို့ ပို့ဆောင်တော်မူလိမ့်မည်။ 
၁၁ ``ငါသည်တောင်တန်းများကိုဖြတ်၍လမ်းမကြီး တစ်သွယ်ကိုဖောက်လုပ်မည်။ 
ငါ၏လူမျိုးတော်အတွက်ခရီးလမ်းကို ပြင်ဆင်မည်။ 
၁၂ ငါ၏လူမျိုးတော်သည်ရပ်ဝေးဒေသများမှ လည်းကောင်း၊ မြောက်အရပ်နှင့်အနောက်အရပ်မှလည်းကောင်း၊ 
တောင်အရပ်ရှိသိနိမ်ပြည်မှလည်းကောင်း လာရောက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ 
၁၃ အို မိုးကောင်းကင်၊သီချင်းဆိုလော့။ 
အို ကမ္ဘာမြေကြီး၊ ရွှင်လန်းဝမ်းမြောက်စွာ သီချင်းဆိုကြလော့။ 
တောင်ရိုးတို့သည်အသံလွှင့်၍သီချင်းဆိုကြစေ။ 
ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား နှစ်သိမ့်မှုကိုပေးတော်မူလိမ့်မည်။ 
ကိုယ်တော်သည်ဆင်းရဲဒုက္ခရောက်လျက် ရှိသော မိမိ၏လူမျိုးတော်အားသနားတော်မူလိမ့်မည်။ 
၁၄ သို့ရာတွင်ယေရုရှလင်မြို့သူမြို့သားတို့က 
``ထာဝရဘုရားသည်ငါတို့ကိုစွန့်ပစ်တော် မူပြီ။ 
ကိုယ်တော်သည်ငါတို့အားမေ့လျော့တော်မူပါပြီ တကား'' ဟုဆိုကြ၏။ 
၁၅ ထာဝရဘုရားက 
``မိခင်တစ်ဦးသည်မိမိ၏ရင်ခွင်မှရင် သွေးငယ်ကို မေ့လျော့နိုင်ပါမည်လော။ 
မိမိကိုယ်ဝန်ဆောင်ခဲ့သောကလေးကိုမချစ်ဘဲ နေနိုင်ပါမည်လော။ 
မိခင်ဖြစ်သူသည်ကလေးငယ်ကိုမေ့လျော့သည် ဆိုစေဦး၊ 
ငါသည်သင်တို့ကိုအဘယ်အခါ၌မျှမေ့လျော့ လိမ့်မည်မဟုတ်။ 
၁၆ အို ယေရုရှလင်မြို့၊ငါသည်သင့်ကိုအဘယ်အခါ ၌မျှ မမေ့မလျော့နိုင်။ 
ငါ၏လက်ဝါးတွင်သင်၏နာမည်ကို ရေးမှတ်၍ထားလေပြီ။ 
၁၇ ``သင့်ကိုပြန်လည်ထူထောင်ကြမည့်လူတို့သည် မကြာမီရောက်ရှိလာလိမ့်မည်။ 
သင့်ကိုပျက်ပြုန်းစေခဲ့သောသူတို့မူကား ထွက်ခွာသွားရကြလိမ့်မည်။ 
၁၈ သင်၏ပတ်ဝန်းကျင်တွင်အဘယ်သို့ဖြစ်ပျက် လျက် ရှိသည်ကိုလှည့်၍ကြည့်ပါလော့။ 
သင်၏အမျိုးသားတို့သည်စုရုံးလျက် မိမိတို့ပြည်သို့ပြန်လာနေကြ၏။ 
ငါသည်အသက်ရှင်တော်မူသည့်ဘုရား ဖြစ်တော်မူသည်နှင့်အညီ၊ 
သင်သည်ကျောက်မျက်ရတနာများကို ဝတ်ဆင်ထားသည့် 
မင်္ဂလာဆောင်သတို့သမီးကဲ့သို့မိမိ၏ 
အမျိုးသားများအတွက်ဂုဏ်ယူဝါကြွား ရလိမ့်မည်။ 
၁၉ ``သင်၏ပြည်သည်ယိုယွင်းပျက်စီးကာလူသူ ဆိတ်ငြိမ်လျက်နေခဲ့၏။ 
သို့ရာတွင်ယခုအခါလာရောက်နေထိုင်ကြမည့် သူများအတွက် 
ထိုပြည်သည်ကျဉ်းလျက်ပင်နေလိမ့်မည်။ 
သင့်အားယိုယွင်းပျက်စီးစေသူတို့မူကား၊ ရပ်ဝေးသို့ရောက်ရှိနေကြလိမ့်မည်။ 
၂၀ ပြည်နယ်ဒဏ်သင့်ရာတွင်မွေးဖွားခဲ့သည့် 
သင်၏အမျိုးသားတို့သည်တစ်နေ့သောအခါ၌ သင့်အား`ဤပြည်သည်ငယ်လွန်းပါ၏။ 
ငါတို့နေထိုင်ရန်နေရာထပ်၍လိုပါသည်' ဟုဆိုကြလိမ့်မည်။ 
၂၁ ထိုအခါသင်သည်မိမိကိုယ်ကိုပြန်၍၊ 
`ငါသည်ဤသားသမီးများကိုအဘယ်သူနှင့် ရရှိပါသနည်း။ 
ငါ၏သားသမီးများသည်သေဆုံးသွားပြီဖြစ်၍ ငါ့မှာသားသမီးမရှိနိုင်တော့ပါ။ 
ငါသည်ရပ်ဝေးသို့ပြည်နှင်ဒဏ်သင့်၍ နှင်ထုတ်ခံခဲ့ရသဖြင့် 
ဤသားသမီးတို့ကိုအဘယ်သူကျွေးမွေးပြုစု ခဲ့ပါသနည်း။ 
ငါသည်တစ်ကိုယ်တည်းသာလျှင်ကျန်ရှိခဲ့၏။ 
ဤသားသမီးများကား၊အဘယ်အရပ်မှ ရောက်ရှိလာကြပါသနည်း'' ဟုမေးလိမ့်မည်။ 
၂၂ ထာဝရအရှင်ဘုရားသခင်ကမိမိ၏ လူမျိုးတော်အား 
``ငါသည်လူမျိုးတကာတို့အားအချက် ပေးလိုက်သောအခါ၊ 
သူတို့သည်သင်တို့၏သားသမီးများကို ခေါ်ဆောင်လာကြလိမ့်မည်။ 
၂၃ ရှင်ဘုရင်များသည်သခင်သဖွယ်သင်တို့ကို စောင့်ရှောက်၍၊ 
မိဖုရားများသည်လည်းမိခင်သဖွယ် ကျွေးမွေးပြုစုကြလိမ့်မည်။ 
သူတို့သည်ဦးညွှတ်ပျပ်ဝပ်လျက် သင့်အားအလေးပြုကြလိမ့်မည်။ 
ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။ 
ငါကူမတော်မူမည်ကိုစောင့်မျှော်သူမှန် သမျှသည် စိတ်ပျက်ရလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏။ 
၂၄ ကိုယ်တော်ရှင်သည်စစ်သည်သူရဲထံမှသူ၏ လုရာပါ ပစ္စည်းကိုသိမ်းယူနိုင်ပါသလော။ 
မင်းဆိုးမင်းညစ်၏လက်မှသုံ့ပန်းများကို ကယ်ဆယ်နိုင်ပါသလော။ 
၂၅ ထာဝရဘုရားက၊ 
``ယခုဖြစ်ပျက်မည့်အမှုအရာသည် ဤနည်းအတိုင်းပင်ဖြစ်၏။ 
စစ်သည်သူရဲဖမ်းဆီးထားသည့်သုံ့ပန်းများကို ငါလွှတ်ပစ်မည်။ 
မင်းဆိုးမင်းညစ်၏လုရာပါပစ္စည်းများကို ငါသိမ်းဆည်းမည်။ 
ငါသည်သင့်ကိုတိုက်ခိုက်သူတို့အားတိုက်ခိုက်၍၊ သင်၏သားသမီးများကိုကယ်ဆယ်မည်။ 
၂၆ ငါသည်သင့်ကိုနှိပ်စက်ညှဉ်းဆဲသူတို့အား 
အချင်းချင်းသတ်ဖြတ်စေမည်။ 
ထိုအခါငါသည်သင်တို့ကိုကယ်တင်ရွေးနုတ် တော်မူသောအရှင်၊ 
ထာဝရဘုရားဖြစ်တော်မူကြောင်းလူအပေါင်းတို့ သိရှိကြလိမ့်မည်။ 
ငါသည်ဣသရေလအမျိုးသားတို့၏တန်ခိုး တော်ရှင် ဘုရားသခင်ဖြစ်တော်မူသည်ကို 
သူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။