ကရုဏာတော်ကိုဘုရားသခင် ကမ်းလှမ်းတော်မူခြင်း 
၅၅
၁ ရေငတ်သူအပေါင်းတို့၊လာကြလော့။ ဤအရပ်တွင်ရေရှိ၏။ 
ကြေးငွေမရှိသူတို့လာ၍ဂျုံစပါးကို ဝယ်ယူစားသုံးကြလော့။ 
နို့နှင့်ပျားရည်ကိုဝယ်ယူကြလော့။ 
အဖိုးငွေတစ်ပြားတစ်ချပ်မျှသင်တို့ ကုန်ကျရလိမ့်မည်မဟုတ်။ 
၂ အစာအာဟာရမဖြစ်သည့်အရာအတွက် 
အဘယ်ကြောင့်ငွေအကုန်အကျခံကြပါ မည်နည်း။ 
သင်၏လုပ်အားခများကိုအကုန်ခံကာ အဘယ်ကြောင့်မွတ်သိပ်လျက်နေကြပါ မည်နည်း။ 
ငါ့စကားကိုနားထောင်လျက်၊ငါပြောသည့်အတိုင်း ပြုလုပ်ကြပါမူ 
သင်တို့သည်အမွန်မြတ်ဆုံးသောအစားအစာ များကို စားသောက်ရကြလိမ့်မည်။ 
၃ ``အို ငါ၏လူမျိုးတော်၊ငါ့စကားကိုနားထောင်၍ ငါ့ထံသို့လာကြလော့။ 
ဤသို့ပြုလျှင်သင်တို့သည်အသက်ရှင်ခွင့် ရရှိကြလိမ့်မည်။ 
ငါသည်သင်တို့နှင့်ထာဝရပဋိညာဉ်ပြုပြီးလျှင်၊ 
ဒါဝိဒ်အားကတိထားခဲ့သည့်ကောင်းချီး မင်္ဂလာများကိုသင်တို့အားချပေးမည်။ 
၄ ငါသည်သူ့ကိုလူမျိုးတကာတို့၏ခေါင်းဆောင် 
ဗိုလ်ချုပ်အဖြစ်ခန့်ထားစေပြီးလျှင်၊ ငါ၏ တန်ခိုးတော် ကိုလူတို့ရှေ့၌သက်သေဖြစ်စေမည်။ 
၅ ယခုတွင်နိုင်ငံခြားအမျိုးသားတို့ကိုသင်သည်ဆင့်ခေါ်မည်။ 
အခါတစ်ပါးကသူတို့သည်သင်တို့ကို မသိကြသော်လည်း၊ 
ယခုအခါ၌မူသင်တို့ထံသို့ပြေး၍ ဝင်လာကြလိမ့်မည်။ 
ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ်သည့် 
ဘုရားဖြစ်တော်မူသောသင်တို့၏ဘုရားသခင် 
ထာဝရဘုရားသည်၊ဤအမှုအရာအပေါင်းကို ဖြစ်ပျက်စေတော်မူလိမ့်မည်။ 
ငါသည်သင်တို့အားဂုဏ်အသရေနှင့် ဘုန်းအသရေကိုပေးတော်မူမည်။'' 
၆ ထာဝရဘုရားသည်ယခုသင်တို့အနီးတွင် ရှိတော်မူပြီဖြစ်၍၊ 
အထံတော်သို့လှည့်၍ဆုတောင်းပတ္ထနာပြု ကြလော့။ 
၇ သူယုတ်မာတို့သည်မိမိတို့၏ဆိုးညစ်သော အကျင့်များကိုစွန့်လွှတ်၍၊ 
မိမိတို့၏စိတ်နေသဘောထားများကိုလည်း ပြောင်းလဲကြရာ၏။ 
သူတို့သည်ငါတို့ဘုရားသခင်ထာဝရဘုရား ထံတော်သို့လှည့်ကြရာ၏။ 
ကိုယ်တော်သည်သနားကြင်နာတတ်၍လျင်မြန်စွာ အပြစ်လွှတ်တော်မူတတ်၏။ 
၈ ထာဝရဘုရားက၊ 
``ငါ၏အကြံအစည်တော်များသည်သင်တို့ အကြံအစည်များနှင့်မတူ။ 
ငါ၏နည်းနာများသည်လည်းသင်တို့ နည်းနာများနှင့်ခြားနား၏။ 
၉ မိုးကောင်းကင်သည်ကမ္ဘာမြေကြီးထက် မြင့်မားသကဲ့သို့၊ 
ငါ၏အကြံအစည်တော်များသည်သင်တို့၏ အကြံအစည်များထက်မြင့်မားသတည်း။ 
၁၀ ``ငါ၏နှုတ်ကပတ်တော်သည်ကမ္ဘာမြေကြီးကို ရေပေးရန်သက်ရောက်လာသည့် 
မိုးနှင့်မိုးပွင့်များကဲ့သို့ဖြစ်၏။ 
ထိုအရာတို့သည်ကောက်ပဲသီးနှံပင်များကို ပေါက်စေတတ်၏။ 
စိုက်ပျိုးရန်မျိုးစေ့များနှင့်စားသုံးရန် အစားအစာများကိုဖြစ်ပွားစေတတ်၏။ 
၁၁ ငါမြွက်ဆိုသည့်နှုတ်ကပတ်စကားသည်လည်း 
ဤနည်းအတိုင်းဖြစ်လိမ့်မည်။ 
ထိုနှုတ်ကပတ်တော်သည်ငါ၏အကြံအစည် တော်ကို ပြည့်စုံစေလိမ့်မည်။ 
ငါစေခိုင်းသမျှသောအမှုတို့ကိုပြုလိမ့်မည်။ 
၁၂ ``သင်တို့သည်ဗာဗုလုန်ပြည်မှဝမ်းမြောက်စွာ ထွက်ခွာရကြလိမ့်မည်။ 
မြို့ထဲမှငြိမ်းချမ်းစွာထုတ်ဆောင်ခေါ်ယူခြင်းကို ခံရကြလိမ့်မည်။ 
တောင်ကြီးတောင်ငယ်တို့သည်ဟစ်အော်၍ သီချင်းဆိုကြလိမ့်မည်။ 
သစ်ပင်များသည်လည်းဝမ်းမြောက်ရွှင်လန်းစွာ ကြွေးကြော်ကြလိမ့်မည်။ 
၁၃ ယခုဆူးပင်များပေါက်လျက်ရှိရာအရပ်တွင် 
အာရဇ်ပင်(သစ်ကတိုး) များပေါက်၍လာလိမ့်မည်။ 
ဆူးခြုံများရှိရာအရပ်တွင်မုရတုပင်များ ပေါက်ရောက်လာလိမ့်မည်။ 
ဤအမှုအရာသည်၊ငါထာဝရဘုရား၏ လက်ရာတော်ကိုအောက်မေ့သတိရစေရန် 
ထာဝစဉ်တည်မြဲသည့်အမှတ်လက္ခဏာတစ်ရပ် ဖြစ်လိမ့်မည်'' ဟုမိန့်တော်မူ၏။