၁၂၄
လူစုတော်ကိုကွယ်ကာတော်မူသော ဘုရားသခင် 
၁ အကယ်၍ထာဝရဘုရားသာ 
ငါတို့ဘက်၌ရှိတော်မမူခဲ့လျှင်အဘယ်သို့ ဖြစ်ပါလိမ့်မည်နည်း။ 
အို ဣသရေလအမျိုးသားတို့၊ဖြေကြားကြလော့။ 
၂ ငါတို့အားရန်သူများတိုက်ခိုက်ကြစဉ်အခါက 
ထာဝရဘုရားသာငါတို့ဘက်၌ရှိတော် မမူခဲ့လျှင် 
၃ သူတို့သည်ဒေါသအမျက်ချောင်းချောင်းထွက်၍ 
ငါတို့အားအရှင်လတ်လတ်ဝါးမျိုလိုက်ကြ လိမ့်မည်။ 
၄ ထိုနောက်ငါတို့သည်ရေစီးရာသို့မျောပါသွား၍ ရေသည်ငါတို့ကိုလွှမ်းမိုးလိမ့်မည်။ 
၅ ငါတို့သည်အဟုန်ပြင်းသည့်ရေစီးချောင်းတွင် နစ်မြုပ်သွားကြလိမ့်မည်။ 
၆ ငါတို့ကိုရန်သူများအုပ်ဖမ်းကိုက်စားသည့် 
အစာဖြစ်ခွင့်ပေးတော်မမူသောထာဝရဘုရား၏ ကျေးဇူးတော်ကိုချီးမွမ်းကြကုန်စို့။ 
၇ ငါတို့သည်မုဆိုး၏ကျော့ကွင်းမှလွတ်မြောက် လာသော ငှက်ကဲ့သို့သေဘေးမှလွတ်မြောက်ကြလေပြီ။ 
ကျော့ကွင်းပြတ်၍ငါတို့လွတ်မြောက်ရကြ၏။ 
၈ ငါတို့သည်ကူညီမစမှုကိုကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုဖန်ဆင်းတော်မူသော 
ထာဝရဘုရား၏ထံတော်မှရရှိကြ သတည်း။