၁၄၉
ထောမနာသီချင်း 
၁ ထာဝရဘုရားအားထောမနာပြုကြ လော့။ 
ထာဝရဘုရားသခင်၏ရှေ့တော်၌ သီချင်းသစ်ကိုဆိုကြလော့။ 
ကိုယ်တော်အားသစ္စာစောင့်သူတို့စုဝေး ရာတွင် ကိုယ်တော်အားထောမနာပြုကြလော့။ 
၂ ဣသရေလအမျိုးသားတို့၊ 
သင်တို့ကိုဖန်ဆင်းတော်မူသောအရှင်ကို အကြောင်းပြု၍ဝမ်းမြောက်ကြလော့။ 
၃ ဇိအုန်မြို့သူမြို့သားတို့၊သင်တို့၏ဘုရင်ကို အကြောင်းပြု၍ရွှင်မြူးကြလော့။ 
ကခုန်လျက်ကိုယ်တော်၏နာမတော်အား ထောမနာပြုကြလော့။ 
ပတ်သာနှင့်စောင်းများကိုတီး၍ကိုယ်တော်အား ထောမနာပြုကြလော့။ 
၄ ထာဝရဘုရားသည်မိမိ၏လူစုတော်အား နှစ်သက်တော်မူ၏။ 
နိမ့်ကျသူတို့အားအောင်ပွဲခံစေခြင်းအားဖြင့် ချီးမြှင့်တော်မူ၏။ 
၅ ထာဝရဘုရား၏လူစုတော်သည်စစ်ပွဲနိုင် သဖြင့် ရွှင်မြူးကြစေ။ 
အိပ်စက်ရာပေါ်မှာဝမ်းမြောက်စွာသီချင်းဆိုကြစေ။ 
၆-၉ တိုင်းနိုင်ငံအပေါင်းကိုနှိမ်နင်း၍ 
လူမျိုးတကာတို့အားဒဏ်ခတ်ကြရန်လည်းကောင်း၊ 
သူတို့၏ဘုရင်များအားသံကြိုးဖြင့်ချည်နှောင်ကာ 
သူတို့၏ခေါင်းဆောင်များကိုသံခြေကျင်း ခတ်ကြရန်လည်းကောင်း၊ 
ဘုရားသခင်၏အမိန့်တော်အရတိုင်းနိုင်ငံတို့ကို ဒဏ်ခတ်ရန်လည်းကောင်း 
ဘုရားသခင်၏လူစုတော်သည်ထက်မြက်သော သံလျက်ကိုလက်တွင်ကိုင်ထားကြစေ။ 
ဤကားဘုရားသခင်လူစုတော်၏ အောင်ပွဲပင်ဖြစ်သတည်း။ 
ထာဝရဘုရားအားထောမနာပြုကြလော့။