၁၅
ဘုရားသခင်အလိုတော်နှင့်အညီ ပြုကျင့်တတ်သူ 
၁ အို ထာဝရဘုရား၊ 
အဘယ်သူသည်ကိုယ်တော်၏ဗိမာန်တော်သို့ ဝင်နိုင်ပါမည်နည်း။ 
အဘယ်သူသည်ကိုယ်တော်၏သန့်ရှင်းမြင့် မြတ်သော ဇိအုန်တောင်တော်ပေါ်တွင် 
ကိုးကွယ်ဝတ်ပြုနိုင်ပါမည်နည်း။ 
၂ ခပ်သိမ်းသောအမှုတို့တွင်ဘုရားသခင်၏ စကားကိုနားထောင်လျက် 
ဖြောင့်မှန်ရာကိုအစဉ်ပြုကျင့်တတ်သူ၊ ဟုတ်မှန်ရိုးသားစွာပြောဆိုတတ်သူ၊ 
၃ သူတစ်ပါး၏အသရေကိုမဖျက်တတ်သူ ဖြစ်ပါ၏။ 
ထိုသူသည်မိမိ၏မိတ်ဆွေများကိုမပြစ်မှားတတ်။ 
အိမ်နီးချင်းတို့၏အကြောင်းကိုလည်းမကောင်း သတင်း မလွှင့်တတ်။ 
၄ သူသည်ဘုရားသခင်ပစ်ပယ်သူတို့ကို စက်ဆုပ်ရွံရှာ၍ 
ထာဝရဘုရား၏စကားကိုနားထောင် သူတို့အား ဂုဏ်ပြုချီးမြှင့်တတ်၏။ 
အဘယ်မျှပင်မိမိ၏အကျိုးထိခိုက်နစ်နာ စေကာမူ မိမိ၏ကတိများအတိုင်းအစဉ်ပြုတတ်၏။ 
၅ သူသည်အတိုးမယူဘဲမိမိ၏ငွေကို ချေးငှားတတ်၏။ 
သူသည်တံစိုးလက်ဆောင်ယူ၍အပြစ်မဲ့ သူတို့ ထိခိုက်နစ်နာစေရန်သက်သေမခံတတ်။ 
ဤသို့သောသူသည်အစဉ်အမြဲဘေး ကင်းလုံခြုံစွာ နေရလိမ့်မည်။