၆၂
ထာဝရဘုရားကာကွယ်တော်မူမည်ကို ယုံကြည်စိတ်ချခြင်း 
၁ ငါ့ကိုဘုရားသခင်ကယ်တင်ရန်ငါသည် စိတ်ရှည်စွာ စောင့်မျှော်လျက်နေပါ၏။ 
ငါသည်ကိုယ်တော်ကိုသာလျှင်မှီခိုပါ၏။ 
၂ ကိုယ်တော်သာလျှင်ငါ၏ခိုလှုံရာကျောက်တောင်၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူပါ၏။ 
ကိုယ်တော်သည်ငါ၏ရဲတိုက်သဖွယ်ဖြစ်တော် မူ၏။ 
ငါသည်အဘယ်အခါ၌မျှအရေးရှုံးနိမ့် ရလိမ့်မည်မဟုတ်။ 
၃ သင်တို့အပေါင်းသည်ယိမ်းယိုင်လျက်ရှိသော နံရံနှင့် ပြိုကျပျက်စီးလျက်ရှိသောခြံဝင်းကဲ့သို့ 
အင်အားမရှိသည့်လူတစ်ယောက်အား အဘယ်မျှ ကြာအောင်တိုက်ခိုက်ကြပါမည်နည်း။ 
၄ သင်တို့သည်သူ့အားဂုဏ်မြင့်ရာမှဆွဲချရန် ကိုသာ ကြံစည်ကြ၏။ 
သင်တို့သည်လိမ်လည်ပြောဆိုရန်နှစ်သက် ကြ၏။ 
သူ့အားနှုတ်ဖြင့်ကောင်းချီးပေးလျက်၊ စိတ်ထဲတွင်မူကားကျိန်ဆဲကြ၏။ 
၅ ငါသည်ဘုရားသခင်ကိုသာလျှင်မှီခိုပါ၏။ ကိုယ်တော်အားမျှော်ကိုးပါ၏။ 
၆ ကိုယ်တော်သာလျှင်ငါ၏ခိုလှုံရာကျောက် တောင်၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ 
ကိုယ်တော်သည်ငါ၏ရဲတိုက်သဖွယ်ဖြစ်တော် မူ၏။ 
ငါသည်အဘယ်အခါ၌မျှအရေးရှုံးနိမ့် ရလိမ့်မည်မဟုတ်။ 
၇ ငါ၏ကယ်တင်ခြင်းနှင့်ဂုဏ်အသရေသည် ဘုရားသခင်အပေါ်တွင်တည်ပါ၏။ 
ကိုယ်တော်သာတန်ခိုးကြီးသည့်ကာကွယ်သော ကျောက်တောင်ဖြစ်တော်မူ၏။ 
ငါခိုလှုံရာကားဘုရားသခင်ပေတည်း။ 
၈ အချင်းလူတို့ဘုရားသခင်အားအစဉ် အမြဲ ကိုးစားကြလော့။ 
သင်တို့၏ဒုက္ခအပေါင်းကိုကိုယ်တော်အား ဖော်ပြကြလော့။ 
ကိုယ်တော်သည်ငါတို့ခိုလှုံရာဖြစ်တော်မူ၏။ 
၉ လူသားတို့သည်ထွက်သက်ဝင်သက်လေမျှသာ ဖြစ်ပေသည်။ 
လူတို့သည်ယုတ်မြတ်မဟူအနတ္တမျှသာဖြစ် ကြ၏။ 
သူတို့အားချိန်ခွင်တွင်ချိန်စက်၍ကြည့် ကြလော့။ သူတို့သည်အချိန်မစီး။ 
ထွက်သက်ဝင်သက်လေထက်ပင်ပေါ့ကြ၏။ 
၁၀ အကြမ်းဖက်မှုကိုအားမကိုးကြနှင့်။ 
လုယက်မှုဖြင့်အကျိုးခံစားရလိမ့်မည်ဟု မမျှော်လင့်ကြနှင့်။ 
သင်တို့၏စည်းစိမ်ဥစ္စာများသည် 
တိုးပွားလာစေကာမူယင်းတို့ကိုအားမကိုး ကြနှင့်။ 
၁၁-၁၂ ဘုရားသခင်၌တန်ခိုးရှိတော်မူကြောင်း ကိုလည်းကောင်း 
ကိုယ်တော်၏မေတ္တာတော်သည်ခိုင်မြဲကြောင်း ကိုလည်းကောင်း 
တစ်ကြိမ်မကကိုယ်တော်မိန့်တော်မူသည်ကို ငါကြားခဲ့ရလေပြီ။ 
အို ထာဝရဘုရား၊ 
ကိုယ်တော်ရှင်ကိုယ်တော်တိုင်ပင်လူအပေါင်း တို့အား 
အကျင့်အလျောက်ကောင်းကျိုးဆိုးကျိုးကို ချပေးတော်မူပါ၏။