၉၁
ငါတို့ကိုကွယ်ကာသောဘုရားသခင် 
၁ ထာဝရဘုရားထံတော်သို့ခိုလှုံရန် ချဉ်းကပ်သူသည်လည်းကောင်း၊ 
အနန္တတန်ခိုးရှင်၏ကွယ်ကာစောင့်ထိန်းမှုကို ခံယူသူသည်လည်းကောင်း၊ 
၂ ``ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကွယ်ကာရာ၊ ကျွန်တော်မျိုးခိုလှုံရာရဲတိုက်ဖြစ်တော်မူပါ၏။ 
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူ၍ကျွန်တော်မျိုးသည် 
ကိုယ်တော်ရှင်ကိုကိုးစားပါ၏'' ဟူ၍ 
ထာဝရဘုရားအားလျှောက်ထားနိုင်လိမ့်မည်။ 
၃ ကိုယ်တော်သည်မမြင်နိုင်သော 
ဘေးဥပဒ်များမှလည်းကောင်း၊ 
သေစေတတ်သောအနာရောဂါများမှ လည်းကောင်း သင့်ကိုကင်းလွတ်စေတော်မူလိမ့်မည်။ 
၄ ကိုယ်တော်သည်မိမိ၏အတောင်တော်ဖြင့် သင့်ကိုဖုံးအုပ်တော်မူလိမ့်မည်။ 
သင်သည်ကိုယ်တော်၏ကြည့်ရှုစောင့်ရှောက်ခြင်းကို ခံရ၍ဘေးမဲ့လုံခြုံလျက်နေလိမ့်မည်။ 
ကိုယ်တော်၏သစ္စာတော်သည်သင့်ကိုစောင့်ထိန်း ကွယ်ကာရာဒိုင်းလွှားဖြစ်လိမ့်မည်။ 
၅ ညဥ့်အခါတွေ့ရတတ်သောဘေးဥပဒ်များ ကိုသော်လည်းကောင်း၊ 
နေ့အချိန်ပေါ်ပေါက်တတ်သည့်အန္တရာယ်များ ကိုသော်လည်းကောင်း၊ 
၆ မှောင်မိုက်တွင်ကျရောက်တတ်သည့်ကပ်ရောဂါများ ကိုသော်လည်းကောင်း၊ 
နေ့လည်ချိန်၌သေစေတတ်သည့်ဘေးဥပဒ်များ ကိုသော်လည်းကောင်း၊ 
ကြောက်လန့်ရလိမ့်မည်မဟုတ်။ 
၇ သင်၏အနီးတွင်လူတစ်ထောင်၊ 
သင်၏ပတ်လည်တွင်လူတစ်သောင်း ကျဆုံးသော်လည်းသင်၌အထိအခိုက် မရှိရ။ 
၈ သူယုတ်မာတို့အဘယ်သို့အပြစ်ဒဏ်သင့်ကြ သည်ကို သင်သည်ဒိဌမြင်ရလိမ့်မည်။ 
၉ သင်သည်ထာဝရဘုရားအားသင့်ကိုကွယ်ကာသော အရှင်အဖြစ်ဖြင့်လည်းကောင်း၊ 
အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရားအား 
သင်ခိုလှုံသောအရှင်အဖြစ်ဖြင့်လည်းကောင်း လက်ခံသည်ဖြစ်၍ 
၁၀ သင်သည်ဘေးဒုက္ခနှင့်တွေ့ကြုံရလိမ့်မည်မဟုတ်၊ 
သင်၏အိမ်အနီးသို့လည်းအဘယ်ဘေးဥပဒ်မျှ ချဉ်းကပ်ရလိမ့်မည်မဟုတ်။ 
၁၁ သွားလေရာရာ၌သင့်ကိုစောင့်ရှောက်စေရန် 
ဘုရားသခင်သည်မိမိ၏ကောင်းကင်တမန် များကို တာဝန်ပေးအပ်တော်မူလိမ့်မည်။ 
၁၂ သူတို့သည်သင်၏ခြေကိုကျောက်နှင့် 
မထိမခိုက်စေရန်မိမိတို့၏လက်ဖြင့်သင့်အား ချီပင့်ကြလိမ့်မည်။ 
၁၃ သင်သည်ခြင်္သေ့နှင့်မြွေ၊ကြောက်မက်ဖွယ်ကောင်းသည့် 
ခြင်္သေ့နှင့်မြွေဆိုးတို့ကိုခြေဖြင့်နင်းရလိမ့် မည်။  
၁၄ ဘုရားသခင်က 
``ငါ့ကိုချစ်သောသူတို့အားငါကယ်မည်။ 
ငါသည်ထာဝရဘုရားဖြစ်တော်မူကြောင်း ဝန်ခံသော သူတို့အားငါကွယ်ကာစောင့်ရှောက်မည်။ 
၁၅ သူတို့သည်ငါ့ကိုခေါ်သောအခါငါထူးမည်။ 
သူတို့ဒုက္ခရောက်သောအခါသူတို့နှင့်အတူ ငါရှိမည်။ 
ငါသည်သူတို့အားကယ်ဆယ်၍ချီးမြှင့်မည်။ 
၁၆ သူတို့အားအသက်ရှည်စေ၍ကယ်တင်ခြင်း ကျေးဇူးကိုခံစားစေမည်'' ဟုမိန့်တော်မူ၏။