60
ယေရုရှလင်မြို့၏အနာဂတ်ဘုန်းအသရေ 
 1 အို ယေရုရှလင်မြို့၊နိုးထ၍နေကဲ့သို့ထွန်းတောက်လော့။ 
သင်၏အလင်းပေါ်ထွန်းလာပြီ။ 
ထာဝရဘုရား၏ဘုန်းအသရေတော်သည် သင့်အပေါ်၌ထွန်းလင်းလျက်နေ၏။ 
 2 အခြားအမျိုးသားတို့နှင့်ကမ္ဘာပေါ်တွင်အမှောင် လွှမ်းလျက်နေမည်ဖြစ်သော်လည်း၊ 
သင်၏အပေါ်၌မူထာဝရဘုရား၏အလင်းတော် ထွန်းတောက်လျက်နေလိမ့်မည်။ 
မျက်နှာတော်မှဘုန်းအသရေရောင်ခြည်တော်သည် 
သင့်အပေါ်သို့သက်ရောက်၍ တည်နေတော်မူလိမ့်မည်။ 
 3 လူမျိုးတကာတို့သည်သင်၏ အလင်းရှိရာသို့လည်းကောင်း၊ 
ရှင်ဘုရင်တို့သည်သင်၏တက်သစ်စ 
နေအရုဏ်ရောင်ခြည်သို့လည်းကောင်း လာရောက်ကြလိမ့်မည်။ 
 4 သင်၏ပတ်ဝန်းကျင်တွင်အဘယ်သို့ဖြစ်ပျက်လျက် ရှိသည်ကိုကြည့်ရှုလော့။ 
သင်၏အမျိုးသားများသည်မိမိတို့ပြည်သို့ ပြန်လာရန်စုရုံးလျက်ရှိကြ၏။ 
သင်၏သားတို့သည်ရပ်ဝေးမှပြန်လာကြ လိမ့်မည်။ 
သင်၏သမီးများအားပွေ့ချီလျက်လာကြ လိမ့်မည်။ 
 5 သင်သည်ဤအမှုအရာကိုမြင်၍ရွှင်လန်း ဝမ်းမြောက်ရလိမ့်မည်။ 
စိတ်နှလုံးထိခိုက်တုန်လှုပ်လာလိမ့်မည်။ 
လူမျိုးတကာတို့သည်မိမိတို့၏စည်းစိမ် ချမ်းသာများကို 
သင်၏ထံသို့ယူဆောင်လာကြလိမ့်မည်။ 
သူတို့၏ပစ္စည်းဥစ္စာများသည်ပင်လယ်ရပ်ခြား မှ ရောက်ရှိလာလိမ့်မည်။ 
 6 ဝန်တင်ကုလားအုပ်တပ်ကြီးများသည် 
မိဒျန်ပြည်နှင့်ဧဖာပြည်မှရောက်ရှိလာ၍ သင်၏ဒေသကိုလွှမ်းမိုးလိမ့်မည်။ 
ရှေဘပြည်မှရွှေနှင့်နံ့သာပေါင်းကိုယူဆောင် လာကြလိမ့်မည်။ 
လူတို့သည်ဘုရားသခင်ပြုတော်မူသော 
အမှုတော်အကြောင်းသတင်းကောင်းကို ချီးမွမ်းကြလိမ့်မည်။ 
 7 ကေဒါပြည်နှင့်နဗာယုတ်ပြည်တို့မှသိုးရှိ သမျှကို 
ယဇ်ကောင်များအဖြစ်ဖြင့်သင်၏ထံသို့ ယူဆောင်လာပြီးလျှင်၊ 
ထာဝရဘုရားနှစ်သက်တော်မူစေရန် ယဇ်ပလ္လင်ပေါ်တွင်တင်လှူပူဇော်ကြလိမ့်မည်။ 
ထာဝရဘုရားသည်မိမိ၏ဗိမာန်တော်ကို အဘယ်အခါနှင့်မျှမတူအောင်ဘုန်း အသရေထွန်းတောက်စေတော်မူလိမ့်မည်။ 
 8 မိုးတိမ်များကဲ့သို့လည်းကောင်း၊အိပ်တန်းပြန် ချိုးငှက်များကဲ့သို့လည်းကောင်း၊ 
ရေမျက်နှာပြင်ကိုလျှပ်၍လာနေသောသင်္ဘောများ ကားအဘယ်သင်္ဘောများနည်း။ 
 9 ထိုသင်္ဘောတို့သည်ရပ်ဝေးမှ 
ဘုရားသခင်၏လူမျိုးတော်အား 
မိမိတို့ပြည်သို့တင်ဆောင်လာသည့် သင်္ဘောများဖြစ်၏။ 
ယင်းတို့သည်ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသောဘုရားသခင် 
ထာဝရဘုရားကိုချီးမြှောက်ရန်၊ 
ရွှေနှင့်ငွေများကိုယူဆောင် လာကြခြင်းဖြစ်၏။ 
ကိုယ်တော်သည်မိမိ၏လူမျိုးတော်ကို ချီးမြှောက်စေတော်မူပြီ။ 
 10 ထာဝရဘုရားကယေရုရှလင်မြို့အား 
``လူမျိုးခြားတို့သည်သင်၏မြို့ရိုးများကို ပြန်လည်တည်ဆောက်ကြလိမ့်မည်။ 
သူတို့၏ဘုရင်များသည်လည်းသင်တို့၏ အစေကိုခံကြလိမ့်မည်။ 
ငါသည်အမျက်ထွက်သဖြင့်သင်တို့အား အပြစ်ဒဏ်ခတ်ခဲ့၏။ 
သို့ရာတွင်ယခုအခါသင်တို့အားမျက်နှာ သာပေး၍ ကရုဏာပြတော်မူမည်။ 
 11 လူမျိုးတကာတို့၏ဘုရင်များသည် 
မိမိတို့ပစ္စည်းများကိုယူဆောင်လာနိုင်ရန်၊ 
သင်သည်မိမိ၏တံခါးကိုနေ့ရောညဥ့်ပါ ဖွင့်၍ထားရလိမ့်မည်။✡ ဗျာ၊ ၂၁:၂၅-၂၆။ 
 12 သို့ရာတွင်သင်၏အစေကိုမခံသည့် 
လူမျိုးတို့မူကား၊လုံးဝသုတ်သင်ဖျက်ဆီး ခြင်းကို ခံရကြလိမ့်မည်။ 
 13 ``အို ယေရုရှလင်မြို့၊ သင့်ကိုပြန်လည်တည်ဆောက်၍ ငါ၏ဗိမာန်တော်ကိုလှပတင့်တယ်စေရန်နှင့်၊ 
ငါခြေချရာနေရာကိုဘုန်းအသရေ ထွန်းတောက်စေရန် 
သူတို့သည်လေဗနုန်တောမှလက်ရွေးစင် ထင်းရှူးသား၊ 
တဒေရသားနှင့်တာရှုရသားတို့ကို သင့်ထံယူဆောင်လာကြလိမ့်မည်။ 
 14 သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူတို့၏ 
သားမြေးများသည်သင့်ထံလာရောက်၍ ဦးညွှတ် အလေးပြုကြလိမ့်မည်။ 
အခါတစ်ပါးကသင့်အားမထီမဲ့မြင် 
ပြုသူအပေါင်းတို့သည်သင်၏ခြေရင်း၌ ပျပ်ဝပ် ရှိခိုးကြလိမ့်မည်။ 
သူတို့သည်သင့်အား`ထာဝရဘုရား၏မြို့တော်' ဟူ၍လည်းကောင်း၊ 
`ဣသရေလအမျိုးသားတို့၏ 
သန့်ရှင်းမြင့်မြတ်သည့်မြို့တော်ဇိအုန်' ဟူ၍လည်းကောင်းခေါ်ဝေါ်သမုတ်ကြလိမ့် မည်။✡ ဗျာ၊ ၃:၉။ 
 15 ``သင်သည်လူသူဆိတ်ငြိမ်လျက်စွန့်ပစ်မုန်းတီး ခြင်းကို ခံရသောမြို့ဖြစ်တော့မည်မဟုတ်။ 
ငါသည်သင့်ကိုခမ်းနားကြီးကျယ်လှပစေ၍ ကာလအစဉ်အဆက် 
ရွှင်လန်းချမ်းမြေ့ဖွယ်ကောင်းသည့်မြို့ဖြစ်စေမည်။ 
 16 မိခင်သည်သားငယ်ကိုနို့ချိုတိုက်ကျွေးသကဲ့သို့၊ 
လူမျိုးတကာတို့၏ဘုရင်များသည် သင့်ကိုကြည့်ရှုပြုစုကြလိမ့်မည်။ 
ငါထာဝရဘုရားသည်သင့်ကိုကယ်တင်တော် မူပြီ ဖြစ်ကြောင်းကိုလည်းကောင်း၊ 
ဣသရေလအမျိုးသားတို့၏အနန္တတန်ခိုးရှင် ဘုရားသခင်သည် 
သင့်အားကျွန်ဘဝမှလွတ်မြောက်စေတော်မူပြီ ဖြစ်ကြောင်းကိုလည်းကောင်း၊ 
သင်သည်သိရှိရလိမ့်မည်။ 
 17 ``ငါသည်သင့်အားကြေးဝါအစားရွှေ၊ 
သံအစားငွေနှင့်သစ်သားအစားကြေးဝါ ကို ပေးတော်မူမည်။ 
သင်သည်ကျောက်အစားသံကိုရရှိလိမ့်မည်။ 
သင်တို့ကိုအုပ်ချုပ်သူတို့အားတရားမျှတ ငြိမ်းချမ်းစွာအုပ်စိုးစေမည်။ 
 18 အကြမ်းဖက်မှုအသံဗလံများပေါ်ထွက် ရတော့မည်မဟုတ်။ 
သင်၏ပြည်သည်လည်းနောက်တစ်ဖန်လုယက် ဖျက်ဆီးခြင်းကိုခံရလိမ့်မည်မဟုတ်။ 
ငါသည်မြို့ရိုးသဖွယ်သင့်ကိုကာကွယ်စောင့် ရှောက်မည်။ 
သင်သည်လည်းမိမိကိုကယ်တင်သည့်အတွက် ငါ့ကိုချီးမွမ်းလိမ့်မည်။ 
 19 ``နေ့အခါနေသည်လည်းကောင်း၊ ညဥ့်အခါလသည်လည်းကောင်း၊ 
သင်၏အလင်းဖြစ်တော့မည်မဟုတ်။ 
ငါထာဝရဘုရားသည်သာလျှင်သင်၏ အတွက် ထာဝစဉ်အလင်းဖြစ်လိမ့်မည်။ 
ငါ၏ဘုန်းအသရေရောင်ခြည်တော်သည် 
သင့်အပေါ်၌ထွန်းလင်းလိမ့်မည်။✡ ဗျာ၊ ၂၁:၂၃၊ ၂၂:၅။ 
 20 ငါထာဝရဘုရားသည်သင်၏အတွက်နေလတို့ထက် ပိုမိုတည်တံ့သည့်ထာဝစဉ်အလင်းဖြစ်လိမ့်မည်။ 
ထို့ကြောင့်သင်ဝမ်းနည်းပူဆွေးရာနေ့ရက်များသည် ကုန်ဆုံး၍သွားလိမ့်မည်။ 
 21 သင်၏လူအပေါင်းတို့သည်မှန်ရာကိုပြုကျင့် ကြလျက်၊ 
ပြည်တော်ကိုအစဉ်အမြဲပိုင်ဆိုင်ရကြလိမ့်မည်။ 
လူအပေါင်းတို့ရှေ့တွင်ငါ၏ဘုန်းတော်ကို ထင်ရှားစေရန်၊ 
ငါသည်သူတို့ကိုပြုစုပျိုးထောင်ခဲ့ပြီ။ 
 22 သင်၏အနည်းဆုံးအညံ့ဆုံးသောသူပင်လျှင်၊ 
ထောင်ချီလျက်များပြားလာပြီး 
တန်ခိုးကြီးမားသည့်လူမျိုးသဖွယ်ကြီးမြတ်၍ လာလိမ့်မည်။ 
အချိန်ကျလျှင်ငါသည်ဤအတိုင်းလျင်မြန်စွာ ဖြစ်ပျက်စေတော်မူမည်။ 
ငါသည်ထာဝရဘုရားဖြစ်တော်မူပါသည် တကား။''