5
ကွယ်ကာစောင့်ထိန်းတော်မူရန် ဆုတောင်းပတ္ထနာ4 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသောဆာလံ။ 
 1 အို ထာဝရဘုရား၊ 
ကျွန်တော်မျိုး၏မြွက်ဆိုချက်ကိုနားထောင်တော်မူပါ။ 
ကျွန်တော်မျိုး၏မြည်တမ်းသံများကိုကြားတော်မူပါ။ 
 2 ကျွန်တော်မျိုး၏ဘုရင်၊ကျွန်တော်မျိုး၏ဘုရား၊ ကူမတော်မူရန် 
ကျွန်တော်မျိုးဟစ်အော်တောင်းလျှောက်သည်ကို နားထောင်တော်မူပါ။ 
အို ထာဝရဘုရား၊ 
ကျွန်တော်မျိုးသည်အထံတော်သို့ဆုတောင်း ပတ္ထနာပြုပါသည်။ 
 3 ကိုယ်တော်သည်နံနက်ချိန်၌ကျွန်တော်မျိုး၏ ပတ္ထနာသံကိုကြားပါ၏။ 
နေထွက်ချိန်၌ကျွန်တော်မျိုးဆုတောင်း၍ ကိုယ်တော်၏အဖြေကိုစောင့်မျှော်ပါ၏။ 
 4 ကိုယ်တော်သည်ဒုစရိုက်ကိုနှစ်သက်တော်မူသော ဘုရားမဟုတ်ပါ။ 
ရှေ့တော်၌ဆိုးယုတ်မှုကိုခွင့်ပြုတော်မမူပါ။ 
 5 မာနကြီးသူတို့သည်ရှေ့တော်သို့မဝင်ရ။ 
ကိုယ်တော်သည်ယုတ်မာသူအပေါင်းတို့ကို မုန်းတော်မူ၏။ 
 6 ကိုယ်တော်သည်လိမ်လည်သူအပေါင်းတို့ကို ဖျက်ဆီးတော်မူ၍အကြမ်းဖက်သူ၊ 
ကောက်ကျစ်သူတို့ကိုစက်ဆုပ်ရွံရှာတော်မူ၏။ 
 7 ကျွန်တော်မျိုးအဖို့မှာမူကိုယ်တော်၏ကြီး မားသော မေတ္တာတော်ကိုခံစားရသဖြင့် 
အိမ်တော်သို့ဝင်နိုင်ပါ၏။ 
ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဗိမာန်တော်တွင် ကိုးကွယ်ဝတ်ပြုကာ 
ကိုယ်တော်အားရိုသေလေးမြတ်စွာ ဦးညွှတ်ရှိခိုးနိုင်ပါ၏။ 
 8 အို ထာဝရဘုရား၊ 
ကျွန်တော်မျိုးမှာရန်သူများစွာရှိပါ၏။ 
ကိုယ်တော်၏အလိုတော်အတိုင်းပြုကျင့်ရန် ကျွန်တော်မျိုးအားလမ်းပြတော်မူပါ။ 
ကျွန်တော်မျိုးအားကိုယ်တော်ရှင် 
လိုက်လျှောက်စေလိုသည့်လမ်းကို ဖြောင့်ဖြူးစေတော်မူပါ။ 
 9 ကျွန်တော်မျိုး၏ရန်သူများစကားကို အဘယ်အခါ၌ယုံကြည်၍မရပါ။ 
သူတို့တွင်ဖျက်ဆီးလိုစိတ်သာလျှင်ရှိပါ၏။ 
သူတို့၏ခံတွင်းသည်ပွင့်လျက်နေသော သင်္ချိုင်းတွင်းနှင့်တူပါ၏။ 
သူတို့၏လျှာသည်လည်းမြှောက်ပင့်လိမ်လည် လှည့်စားတတ်ပါ၏။✡ ရော၊ ၃:၁၃။ 
 10 အို ဘုရားသခင်၊ 
သူတို့အားရှုတ်ချလျက်အပြစ်ဒဏ်ပေးတော်မူပါ။ 
သူတို့၏ဆိုးညစ်သောအကြံအစည်များက 
သူတို့ကိုပင်အကျိုးနည်းစေတော်မူပါ။ 
သူတို့၏များမြောင်သော 
အပြစ်များကြောင့်လည်းကောင်း၊ကိုယ်တော်ကို ပုန်ကန်ကြသည့်အတွက်ကြောင့်လည်းကောင်း 
သူတို့အားရှေ့တော်မှောက်မှနှင်ထုတ်တော်မူပါ။ 
 11 သို့ရာတွင်ကိုယ်တော်ရှင်ထံတော်တွင်လုံခြုံစွာ 
ခိုလှုံကြသောသူအပေါင်းတို့သည် ဝမ်းမြောက်ရွှင်လန်းရကြပါလိမ့်မည်။ 
သူတို့သည်ဝမ်းမြောက်သဖြင့်အစဉ် သီချင်းဆိုကြပါလိမ့်မည်။ 
ကိုယ်တော်ရှင်သည်မိမိအားချစ်သူတို့ကို ကွယ်ကာစောင့်ထိန်းတော်မူပါ၏။ 
ကိုယ်တော်ရှင်ကြောင့်သူတို့သည်အကယ်ပင် ဝမ်းမြောက်ရကြပါ၏။ 
 12 အို ထာဝရဘုရား၊ 
ကိုယ်တော်ရှင်သည်မိမိစကားကိုနားထောင် သူတို့အားကောင်းချီးပေးတော်မူပါ၏။ 
ကိုယ်တော်၏မေတ္တာတော်သည်ဒိုင်းလွှားသဖွယ် သူတို့အားကွယ်ကာစောင့်ရှောက်တော်မူပါ၏။