57
ကူမတော်မူရန်ဆုတောင်းပတ္ထနာ13 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်သည်ဥမင်ရှိရှောလုထံမှထွက်ပြေး ပြီးနောက်စပ်ဆိုသောဆာလံ။ 
 1 ကျွန်တော်မျိုးသည်ခိုလှုံရန်အထံတော်သို့ ချဉ်းကပ်ပါ၏။ 
သို့ဖြစ်၍ကျွန်တော်မျိုးအားသနားတော်မူပါ။ 
အို ဘုရားသခင်၊ 
သနားတော်မူပါ။ 
မိုးသက်မုန်တိုင်းလွန်သွားသည်အထိ 
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ အတောင်တော်အရိပ်တွင်ခိုလှုံပါ၏။ 
 2 ငါလိုသမျှသောအရာတို့ကိုပေးတော် မူသော၊ 
အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရားသခင် အား ငါသည်တောင်းလျှောက်ပါ၏။ 
 3 ကိုယ်တော်သည်ကောင်းကင်ဘုံမှထူးတော်မူ၍ ငါ့ကိုကယ်တော်မူလိမ့်မည်။ 
ငါ့ကိုညှဉ်းဆဲနှိပ်စက်သူတို့အားနှိမ်နင်း တော်မူလိမ့်မည်။ 
ဘုရားသခင်သည်မိမိ၏ခိုင်မြဲသောမေတ္တာ တော်နှင့် သစ္စာတော်ကိုငါ့အားပြတော်မူလိမ့်မည်။ 
 4 ရန်သူများသည်လူသားကိုစားသည့်ခြင်္သေ့များ သဖွယ် ငါ့ကိုဝိုင်းရံထား၏။ 
သူတို့၏သွားများသည်လှံများ၊မြားများ နှင့်တူ၏။ 
သူတို့၏လျှာများသည်သန်လျက်ကဲ့သို့ ထက်၏။ 
 5 အို ဘုရားသခင်၊ 
ကိုယ်တော်ရှင်၏ကြီးမြတ်တော်မူပုံကို မိုးကောင်းကင်တွင်လည်းကောင်း၊ 
ကိုယ်တော်ရှင်၏ဘုန်းအသရေတော်ကို 
ကမ္ဘာတစ်ဝန်းလုံးတွင်လည်းကောင်းပေါ်လွင်ထင်ရှား စေတော်မူပါ။ 
 6 ရန်သူတို့သည်ငါ့ကိုဖမ်းရန်ကျော့ကွင်းထောင်ကြ၏။ 
ငါသည်ပြင်းစွာစိတ်ဒုက္ခရောက်လျက်ရှိပါ၏။ 
သူတို့သည်ငါသွားရာလမ်းတွင်တွင်းကို တူးထားကြပါ၏။ 
သို့ရာတွင်ထိုတွင်းထဲသို့သူတို့ပင်လျှင် ကျကြ၏။ 
 7 အို ဘုရားသခင်၊ 
ကျွန်တော်မျိုးသည်လုံးဝယုံကြည်စိတ်ချပါပြီ။ 
သို့ဖြစ်၍ကျွန်တော်မျိုးသည်သီချင်းဆို၍ ကိုယ်တော်ရှင်အားထောမနာပြုပါမည်။ 
 8 အို ငါ့ဝိညာဉ်၊နိုးထလော့။ 
ငါ၏စောင်းကြီးစောင်းငယ်တို့၊နိုးထကြလော့။ ငါသည်လည်းနေကိုနိုးထစေမည်။ 
 9 အို ဘုရားရှင်၊ 
ကျွန်တော်မျိုးသည်လူမျိုးတကာတို့၏အလယ်တွင် ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ 
လူမျိုးအပေါင်းတို့၏အလယ်တွင်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။ 
 10 ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် မိုးကောင်းကင်သို့တိုင်အောင်လည်းကောင်း၊ 
ကိုယ်တော်ရှင်၏သစ္စာတော်သည်အာကာသသို့ တိုင်အောင်လည်းကောင်းရောက်ပါ၏။ 
 11 အို ဘုရားသခင်၊ 
ကိုယ်တော်ရှင်၏ကြီးမြတ်တော်မူပုံကို မိုးကောင်းကင်တွင်လည်းကောင်း၊ 
ကိုယ်တော်ရှင်၏ဘုန်းအသရေတော်ကို 
ကမ္ဘာတစ်ဝန်းလုံးတွင်လည်းကောင်း ပေါ်လွင် ထင်ရှားစေတော်မူပါ။ 
13^ * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်သည်ဥမင်ရှိရှောလုထံမှထွက်ပြေး ပြီးနောက်စပ်ဆိုသောဆာလံ။