48
ဘုရားသခင်သည်အနာဂတ်ကို အစိုးရတော်မူသောအရှင်ဖြစ်ခြင်း 
 1 အချင်းယုဒမှဆင်းသက်လာသူ၊ 
ဣသရေလအမျိုးသားတို့၊ 
ဤစကားကိုနားထောင်ကြလော့။ 
သင်တို့သည်ထာဝရဘုရား၏နာမတော်ကို တိုင်တည်ကျိန်ဆိုကာ၊ 
ဣသရေလအမျိုးသားတို့၏ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပါသည်ဟုဆိုသော်လည်း 
သင်တို့၏စကားများသည်တစ်ခွန်းမျှမမှန်။ 
 2 သို့ပါလျက်သင်တို့သည်မိမိတို့ကိုယ်ကိုသန့်ရှင်း မြင့်မြတ်သည့်မြို့တော်သားများဟူ၍လည်းကောင်း၊ 
အနန္တတန်ခိုးရှင်ထာဝရဘုရားဟုနာမည် တွင်သော 
ဣသရေလအမျိုးသားတို့၏ဘုရားသခင်ကို မှီခိုအားကိုးသူများဟူ၍လည်းကောင်း ဂုဏ်ယူပြောဆိုကြပေသည်။ 
 3 ဣသရေလအမျိုးသားတို့အားထာဝရ ဘုရားက၊ 
``ရှေးအခါက၊ငါသည်ဖြစ်ပျက်မည့်အမှု အရာကို ကြိုတင်ဟောကြားခဲ့၏။ 
ထိုနောက်ထိုအရာကိုရုတ်တရက်ဖြစ်ပေါ် လာစေ၏။ 
 4 သင်တို့သည်သံကဲ့သို့တင်းမာလျက်၊ 
ကြေးဝါကဲ့သို့မာကြောလျက်၊ခေါင်းမာ နေကြလိမ့်မည်ကိုငါသိ၏။ 
 5 ငါသည်အမှုအရာများမဖြစ်ပျက်မီက ပင်လျှင် 
ကြိုတင်၍၊သင်တို့၏အနာဂတ်ကို ဟောကြားခဲ့ပေသည်။ 
ယင်းသို့ပြုရခြင်းမှာဤအမှုအရာများကို 
သင်တို့လုပ်သည့်ရုပ်တုများကဖြစ်ပေါ်စေသည်ဟု သင်တို့မပြောမဆိုနိုင်ကြစေရန်ပင်ဖြစ်၏။ 
 6 ``ငါသည်ကြိုတင်ဟောကြားခဲ့သမျှသော အမှုတို့သည်ယခုဖြစ်ပျက်ကြလေပြီ။ 
ငါ၏ဟောကြားချက်များမှန်လျက်နေသည်ကို သင်တို့ဝန်ခံကြရပေမည်။ 
ယခုငါသည်နောင်အခါ၌ဖြစ်ပျက်မည့် အမှုအရာသစ်များ၊ 
ယခင်အခါကမဖော်ပြခဲ့ဘူးသည့် အမှုအရာများကိုသင်တို့အားဖော်ပြပါအံ့။ 
 7 ယခုမှသာလျှင်ငါသည်ထိုအမှုတို့ကို ဖြစ်ပျက်စေမည်။ 
ယင်းသို့သောအမှုများသည်ယခင်က မဖြစ်မပျက်ခဲ့ဘူးကြ။ 
အကယ်၍ဖြစ်ပျက်ခဲ့သည်ဆိုပါမူ၊ 
ထိုအရာတို့၏အကြောင်းကိုငါတို့သိရှိပြီး ဟု သင်တို့ဆိုကြလိမ့်မည်။ 
 8 သင်တို့အားယုံကြည်စိတ်ချ၍ မရကြောင်းကိုလည်းကောင်း၊ 
သင်တို့သည်မွေးဖွားလာချိန်မှပင်အစပြု၍ 
သူပုန်များဟုအခေါ်ခံရကြသည်ကိုလည်း ကောင်း ငါသိ၏။ 
ထို့ကြောင့်ဤအမှုအရာများအကြောင်းကို 
သင်တို့သည်အဘယ်အခါကမျှမကြားခဲ့ နားမလည်ခဲ့။ 
ယခင်ကတည်းကသင်တို့သည်လည်းနားမပွင့်။ 
 9 ``ငါ၏နာမတော်ကိုလူတို့ထောမနာပြုကြစေရန်၊ ငါသည်မိမိ၏အမျက်ကိုထိန်းချုပ်၍ထားမည်။ 
မိမိဒေါသကိုချုပ်တည်း၍သင်တို့အား ဖျက်ဆီးသုတ်သင်မှုကိုမပြုဘဲနေမည်။ 
 10 ငွေကိုမီးဖိုတွင်ထည့်၍ချွတ်သကဲ့သို့ 
ငါသည်သင်တို့အားဆင်းရဲဒုက္ခမီးဖြင့် စုံစမ်းစစ်ဆေးပြီးဖြစ်၏။ 
 11 ငါသည်အဘယ်အမှုကိုမဆိုမိမိ၏ ဂုဏ်သိက္ခာကိုထောက်၍ပြုတတ်၏။ 
ငါ၏နာမတော်အသရေပျက်စေရန်ပြု လိမ့်မည်မဟုတ်။ 
ငါတစ်ပါးတည်းသာလျှင်ခံယူထိုက်သည့် ဘုန်းအသရေကိုလည်း၊ 
အခြားအဘယ်သူအားမျှခံယူစေလိမ့် မည်မဟုတ်။ 
ထာဝရဘုရားရွေးချယ်တော်မူသည့်ခေါင်းဆောင် ကုရုဘုရင် 
 12 ထာဝရဘုရားက 
``အို ငါခေါ်ယူတော်မူသည့်လူမျိုးတော်၊ ဣသရေလအမျိုးသားတို့၊ 
ငါပြောသည်ကိုနားထောင်ကြလော့။ ငါသည်ဘုရားသခင်ဖြစ်၏။ 
ကပ်ကာလအစမှအဆုံးတိုင်တည်နေတော်မူသော အရှင်၊ဖြစ်တော်မူ၏။✡ ဟေရှာ၊ ၄၄:၆။ ဗျာ၊ ၁:၁၇၊ ၂၂:၁၃။ 
 13 ငါ၏လက်တော်သည်ကမ္ဘာမြေကြီး အုတ်မြစ်များကိုချ၍၊ 
မိုးကောင်းကင်ကိုဖြန့်ကြက်ခဲ့၏။ 
ငါသည်ကမ္ဘာမြေကြီးနှင့်မိုးကောင်းကင်ကို 
ဆင့်ခေါ်သောအခါ၊သူတို့သည်ချက်ချင်း ပေါ်ပေါက်လာကြပါသည်တကား။ 
 14 သင်တို့အပေါင်းသည်စုဝေး၍ငါပြောသည် ကို နားထောင်ကြလော့။ 
ငါရွေးချယ်ထားသူသည်ဗာဗုလုန်ပြည်ကို တိုက်ခိုက်လိမ့်မည်ဟူ၍လည်းကောင်း၊ 
ငါ၏အလိုတော်ကျဆောင်ရွက်ပေးလိမ့်မည် ဟူ၍လည်းကောင်း၊ 
အဘယ်ရုပ်တုကမျှကြိုတင်၍မဟောကြား နိုင်ခဲ့။ 
 15 သူ့အားအမိန့်ပေး၍ခေါ်ယူသူမှာငါပင် ဖြစ်ပေသည်။ 
ငါသည်သူ့အားလမ်းပြပို့ဆောင်၍ အောင်မြင်မှုကိုပေးခဲ့၏။ 
 16 ``ယခုငါ၏အနီးသို့ချဉ်းကပ်၍ငါပြောဆို သည်ကို နားထောင်ကြလော့။ 
အစအဦးကပင်လျှင်ငါသည်သင်တို့အား ပွင့်လင်းစွာဖော်ပြခဲ့၏။ 
ထိုအဖြစ်အပျက်စ၍ဖြစ်စဉ်ကပင် ငါရှိခဲ့၏ ဟုမိန့်တော်မူ၏။ 
(ယခုထာဝရအရှင်ဘုရားသခင်သည်ငါ့ အားတန်ခိုးတော်ကိုပေး၍စေလွှတ်တော်မူ ပြီ။) 
မိမိ၏လူမျိုးတော်အတွက်ထာဝရဘုရား၏ အကြံအစည်တော် 
 17 ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့် မြတ်သည့် ဘုရားသခင်၊ 
သင်တို့အားကယ်တင်တော်မူသောထာဝရဘုရားက ``ငါသည်သင်တို့အကျိုးငှာသွန်သင်တော်မူ၍၊ 
သင်တို့သွားရမည့်ခရီးလမ်းကို ပြညွှန်တော်မူလိုသည့် 
သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ် တော်မူ၏။ 
 18 ``အကယ်၍သင်တို့သာလျှင်ငါ၏အမိန့် တော်များကို နားထောင်ကြမည်ဆိုပါမူ 
အဘယ်မျှကောင်းလိမ့်မည်နည်း။ 
ငြိမ်သက်ခြင်းချောင်းရေကဲ့သို့၊သင်တို့အတွက် စီးဆင်းလာမည်သာ။ 
အောင်မြင်ခြင်းသည်လည်းကမ်းခြေတွင် 
ရိုက်ခတ်သည့်လှိုင်းလုံးများကဲ့သို့သင်တို့အတွက် ပေါ်ထွက်လာမည်သာ။ 
 19 သင်တို့၏သားမြေးများသည်သဲလုံးနှင့်အမျှ များပြားကြလျက်၊ 
ငါသည်လည်းသူတို့အားအဘယ်အခါ၌မျှ ပျက်ပြုန်းစေခွင့်ပြုလိမ့်မည်မဟုတ်။ 
 20 ဗာဗုလုန်ပြည်မှထွက်သွားကြလော့။ လွတ်လပ်စွာထွက်ခွာသွားကြလော့။ 
``ထာဝရဘုရားသည်မိမိ၏အစေခံ 
ဣသရေလအမျိုးသားတို့အားကယ်တော် မူပြီ'' ဟူသော သတင်းကိုဝမ်းမြောက်စွာကြွေးကြော်ကြလော့။ 
အရပ်တကာတွင်ကြားသိစေကြလော့။✡ ဗျာ၊ ၁၈:၄။ 
 21 ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား၊ ခြောက်သွေ့ပူပြင်းသောသဲကန္တာရကိုဖြတ်၍ 
ခေါ်ဆောင်သွားတော်မူသောအခါသူတို့သည် ရေမငတ်ကြ။ 
ကိုယ်တော်သည်၊သူတို့အတွက်ကျောက်ဆောင်ထဲမှ ရေစီး၍ထွက်စေတော်မူ၏။ 
ကျောက်ကိုကွဲအက်စေတော်မူသဖြင့် ရေသည်စီးထွက်၍လာ၏။ 
 22 ``သူယုတ်မာတို့သည်ငြိမ်းချမ်းစွာနေရ ကြလိမ့်မည် မဟုတ်'' ဟုထာဝရဘုရားမိန့်တော်မူပါ၏။✡ ဟေရှာ၊ ၅၇:၂၁။