47
ဖိလိတ္တိအမျိုးသားတို့ကိုရည်မှတ်၍ ထာဝရဘုရားပေးတော်မူသည့်ဗျာဒိတ်တော် 
 1 ဂါဇမြို့ကိုအီဂျစ်ဘုရင်မတိုက်ခိုက်မီ ဖိလိတ္တိအမျိုးသားများကိုရည်မှတ်၍ ထာဝရဘုရားသည်ငါ့အားဗျာဒိတ် ပေးတော်မူ၏။✡ ဟေရှာ၊ ၁၄:၂၉-၃၁။ ယေဇ၊ ၂၅:၁၅-၁၇။ ယောလ၊ ၃:၄-၈။ အာ၊ ၁:၆-၈။ ဇေ၊ ၂:၄-၇။ ဇာ၊ ၉:၅-၇။ 
 2 ကိုယ်တော်က၊ 
``ကြည့်ရှုလော့။ မြောက်အရပ်တွင်ရေတက် လျက် ရေလျှံမြစ်ကဲ့သို့စီးဆင်းလာလိမ့်မည်။ 
ထိုရေတို့သည်ကမ္ဘာမြေကြီးနှင့်မြေကြီး ပေါ်တွင် 
ရှိသမျှသောအရာများ၊မြို့များနှင့် မြို့သူမြို့သားများကိုလွှမ်းမိုးကြလိမ့်မည်။ 
လူတို့သည်ကယ်ရန်ဟစ်ခေါ်ကြလိမ့်မည်။ 
ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့သည်ပြင်းပြစွာ ငိုကြွေးကြလိမ့်မည်။ 
 3 သူတို့သည်မြင်းခွာသံများနှင့်မြင်းရထား ဘီးလည်သံများကိုကြားရကြလိမ့်မည်။ 
ဖခင်များသည်မိမိတို့သားသမီးများကို ပြန်မကြည့်ကြ။ 
သူတို့၏လက်များသည်လည်းအားလျော့၍ တွဲကျလျက်ရှိလိမ့်မည်။ 
 4 တုရုမြို့နှင့်ဇိဒုန်သို့ပေးပို့နိုင်သည့်စစ်ကူ အကြွင်းအကျန်မှန်သမျှကိုဖြတ်တောက် ပစ်ရန် 
ဖိလိတ္တိပြည်ကို၊သုတ်သင်ပယ်ရှင်းရမည့် နေ့ရက်ကာလကျရောက်လာလေပြီ။ 
ငါထာဝရဘုရားသည်ကရေတေကမ်းခြေမှ လာသူအပေါင်းဖြစ်သည့် 
ဖိလိတ္တိအမျိုးသားတို့အားသုတ်သင်ပယ်ရှင်းမည်။ 
 5 ဂါဇမြို့သူမြို့သားတို့သည်များစွာ ဝမ်းနည်းကြေကွဲရကြလေပြီ။ 
အာရှကေလုန်မြို့သူမြို့သားတို့သည်လည်း ဆိတ်ဆိတ်နေကြ၏။ 
ကြွင်းကျန်၍နေသောဖိလိတ္တိပြည်သူတို့ သည်အဘယ်မျှ ကြာကြာငိုကြွေးမြည်တမ်းလျက်နေကြ မည်နည်း။ 
 6 ထာဝရဘုရား၏ဋ္ဌားတော်၊ 
သင်သည်အဘယ်မျှကြာကြာခုတ်ထစ် နေပါဦးမည်နည်း။ 
မိမိဋ္ဌားအိမ်သို့ပြန်၍ဝင်ပြီးလျှင် ငြိမ်သက်စွာ နေပါလော့'' ဟုသင်တို့ဆိုကြ၏။ 
 7 သို့ရာတွင်ထိုဋ္ဌားတော်သည်ငါပေးအပ်ထား သည့် အလုပ်ရှိသဖြင့် 
အဘယ်သို့လျှင်ငြိမ်သက်စွာနေနိုင်မည်နည်း။ 
အာရှကေလုန်မြို့နှင့်ပင်လယ်ကမ်းခြေတွင် နေထိုင်သော 
လူတို့အား၊တိုက်ခိုက်ရန်ထိုဋ္ဌားတော်ကိုငါ အမိန့်ပေးတော်မူလေပြီ'' ဟုမိန့်တော်မူ၏။