64
ကွယ်ကာတော်မူရန်ဆုတောင်းပတ္ထနာ20 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသောဆာလံ။ 
 1 အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်ဒုက္ခရောက်လျက်ရှိပါ၏။ 
ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ 
ကျွန်တော်မျိုးသည်ရန်သူများကိုကြောက်လန့်၍ နေပါ၏။ 
ကျွန်တော်မျိုး၏အသက်ကိုကယ်တော်မူပါ။ 
 2 သူယုတ်မာတို့၏လျှို့ဝှက်ကြံစည်မှုများ မှလည်းကောင်း၊ 
ဆိုးညစ်သူလူစုလူဝေးတို့၏ဘေးမှလည်း ကောင်း ကွယ်ကာတော်မူပါ။ 
 3 သူတို့သည်မိမိတို့၏လျှာကိုဋ္ဌားသဖွယ် သွေးကြပါ၏။ 
သနားကြင်နာခြင်းကင်းမဲ့သောစကား များဖြစ်သော မြားများကိုချိန်ရွယ်ကြ၏။ 
 4 သူတို့သည်အရှက်ကင်းမဲ့စွာမိမိတို့၏ မုသားစကားများကိုလျင်မြန်စွာပျံ့နှံ့စေ ကြ၏။ 
သူတို့သည်စက်ဆုတ်ဖွယ်ကောင်းသော ဂုံးချောစကားများပြောဆိုကာ 
သူတော်ကောင်းတို့၏အသရေကိုဖျက်ကြ၏။ 
 5 သူတို့သည်ဆိုးညစ်သည့်အမှုများကိုကြံစည် ရာတွင် အချင်းချင်းအားပေးကြ၏။ 
သူတို့သည်ထောင်ချောက်များထားရန်နေရာကို တိုင်ပင်ပြီးနောက် 
``ဤထောင်ချောက်များကိုအဘယ်သူမျှတွေ့မြင် နိုင်လိမ့်မည်မဟုတ်'' ဟုဆိုကြ၏။ 
 6 သူတို့သည်ဆိုးညစ်သည့်အမှုများကိုကြံစည် ပြီးလျှင် 
``လွန်စွာပါးနပ်လိမ္မာသည့်အမှုကိုငါတို့ကြံစည်၍ ပြီးလေပြီ'' ဟုဆိုကြ၏။ 
လူ၏စိတ်နှလုံးနှင့်အကြံအစည်ကိုသိရှိရန် လွန်စွာပင်ခက်ခဲနက်နဲလှပါသည်တကား။ 
 7 သို့ရာတွင်ဘုရားသခင်သည်ထိုသူတို့အား 
မြားတော်ဖြင့်ပစ်တော်မူ၍ချက်ချင်းပင် ဒဏ်ရာရစေတော်မူ၏။ 
 8 သူတို့ပြောဆိုသည့်စကားများကြောင့်ပင်လျှင် 
ကိုယ်တော်သည်သူတို့အားသေကြေပျက်စီး စေတော်မူလိမ့်မည်။ 
သူတို့ကိုတွေ့မြင်သူအပေါင်းတို့သည် ဦးခေါင်းကိုခါကြလိမ့်မည်။ 
 9 ထိုသူအပေါင်းတို့သည်ကြောက်လန့်လျက် 
ဘုရားသခင်စီရင်တော်မူသောအမှုကို ဆင်ခြင်ကာ 
ကိုယ်တော်ပြုတော်မူသောအမှုတော်များ အကြောင်းကို ပြောကြားကြလိမ့်မည်။ 
 10 ထာဝရဘုရားပြုတော်မူသောအမှုတော်ကြောင့် 
သူတော်ကောင်းအပေါင်းတို့သည်ရွှင်လန်း ဝမ်းမြောက်ကြလိမ့်မည်။ 
သူတို့သည်ထာဝရဘုရား၏ထံတော်တွင် ခိုလှုံကြလိမ့်မည်။ 
စိတ်နှလုံးဖြူစင်ဖြောင့်မတ်သူအပေါင်းတို့သည် ကိုယ်တော်အားထောမနာပြုကြလိမ့်မည်။