61
ကွယ်ကာစောင့်ထိန်းတော်မူရန် ဆုတောင်းပတ္ထနာ17 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသည်။ 
 1 အို ဘုရားသခင်၊ 
ကျွန်တော်မျိုးအော်ဟစ်သံကိုနားထောင်တော် မူပါ။ 
ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ 
 2 ကျွန်တော်မျိုးသည်အိမ်နှင့်ဝေးကွာလျက် 
စိတ်ပျက်အားလျော့လျက်နေသဖြင့် ကိုယ်တော်ရှင်အားဟစ်ခေါ်ပါ၏။ 
ကျွန်တော်မျိုးအားဘေးမဲ့လုံခြုံရာသို့ ပို့ဆောင်တော်မူပါ။ 
 3 ကိုယ်တော်ရှင်သည်ရန်သူတို့၏ဘေးမှ 
ကျွန်တော်မျိုးအားကွယ်ကာစောင့်ထိန်း တော်မူသောအရှင်၊ 
ကျွန်တော်မျိုးအတွက်ခိုင်ခံ့သောရဲတိုက် ဖြစ်တော်မူပါ၏။ 
 4 ကျွန်တော်မျိုးအားကိုယ်တော်ရှင်၏တဲတော်တွင် တစ်သက်လုံးနေခွင့်ကိုပေးတော်မူပါ။ 
ကိုယ်တော်၏အတောင်တော်အရိပ်အောက်တွင် ဘေးမဲ့လုံခြုံစွာခိုလှုံခွင့်ကိုပေးတော်မူပါ။ 
 5 အို ဘုရားသခင်၊ 
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးပြုသည့် ကတိသစ္စာကိုကြားတော်မူပါပြီ။ 
ကိုယ်တော်၏ဂုဏ်တော်ကိုချီးကူးကြသူ တို့အား ပေးတော်မူသည့်ပြည်တော်နှင့် 
ကောင်းကျိုးချမ်းသာကိုကျွန်တော်မျိုး အား ပေးတော်မူပါပြီ။ 
 6 မင်းကြီးအားသက်တော်ရာကျော်ရှည်စေ တော်မူပါ။ 
ကာလအစဉ်အဆက်သက်တော်ရှည်စေတော် မူပါ။ 
 7 အို ဘုရားသခင်၊ 
သူသည်ကိုယ်တော်ရှင်၏ရှေ့တော်တွင်ထာဝစဉ် အုပ်စိုးစေတော်မူပါ။ 
ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်နှင့် သစ္စာတော်အားဖြင့် 
သူ့အားကာကွယ်စောင့်ထိန်းတော်မူပါ။ 
 8 သို့ဖြစ်၍ကျွန်တော်မျိုးသည်မိမိ၏ ကတိသစ္စာဝတ်ကိုနေ့စဉ်ဖြေလျက် 
ကိုယ်တော်ရှင်အားအစဉ်အမြဲ ထောမနာသီချင်းဆိုပါမည်။