38
ဝေဒနာရှင်တစ်ဦး၏ဆုတောင်းပတ္ထနာ14 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသောဆာလံ။ မြည်တမ်းခြင်း။ 
 1 အို ထာဝရဘုရား၊ 
အမျက်တော်ထွက်၍ကျွန်တော်မျိုးအား အပြစ်ဒဏ်ပေးတော်မမူပါနှင့်။ 
 2 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားမြား ဖြင့်ပစ်၍ ဒဏ်ရာရရှိစေတော်မူပါပြီ။ 
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားပြိုလဲ စေတော်မူပါပြီ။ 
 3 ကိုယ်တော်၏အမျက်တော်ကြောင့်ကျွန်တော်မျိုးသည် ဝေဒနာခံလျက်နေရပါ၏။ 
မိမိ၏အပြစ်များကြောင့်တစ်ကိုယ်လုံး ရောဂါစွဲလျက်နေပါ၏။ 
 4 အပြစ်ဒုစရိုက်ရေလွှမ်းမိုးရာတွင်ကျွန်တော် မျိုးသည် နစ်မွန်းလျက်ရှိပါ၏။ 
ယင်းတို့သည်လေးလံသောအပြစ်ဝန်ထုပ်ဖြစ်၍ ကျွန်တော်မျိုးမထမ်းနိုင်ပါ။ 
 5 ကျွန်တော်မျိုး၏မိုက်မဲမှုကြောင့်ရရှိသော အနာများသည်ပုပ်စပ်နံစော်လျက်နေပါ၏။ 
 6 ကျွန်တော်မျိုးသည်မချိမဆန့်ဝေဒနာခံ၍ နေရပါ၏။ 
တစ်နေ့လုံးပင်ပူဆွေးငိုယိုလျက်နေရပါ၏။ 
 7 ကျွန်တော်မျိုးသည်အဖျားအပူရှိန်ပြင်းထန်လျက် အသဲအသန်ဖြစ်နေပါ၏။ 
 8 စိစိညက်ညက်ကြေ၍နုန်းနဲ့ခွေယိုင်လျက်ရှိပါ၏။ 
ကျွန်တော်မျိုးသည်စိတ်ဒုက္ခရောက်၍ဝေဒနာကြောင့် ညည်းညူလျက်ရှိပါ၏။ 
 9 အို ထာဝရဘုရား၊ 
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အလိုဆန္ဒကို သိတော်မူပါ၏။ 
ကျွန်တော်မျိုး၏ညည်းညူသံကိုကြားတော်မူပါ၏။ 
 10 ကျွန်တော်မျိုး၏နှလုံးသည်ခုန်၍နေပါ၏။ ကျွန်တော်မျိုးတွင်ခွန်အားမရှိတော့ပါ။ 
ကျွန်တော်မျိုး၏မျက်စိများသည်လည်း မှုံလျက်နေပါ၏။ 
 11 ကျွန်တော်မျိုး၏အနာများကြောင့်မိတ်ဆွေများနှင့် အိမ်နီးချင်းများသည် 
ကျွန်တော်မျိုး၏အနီးသို့မကပ်ကြတော့ပါ။ 
ကျွန်တော်မျိုး၏အိမ်ထောင်စုသားများပင်လျှင် ကျွန်တော်မျိုးထံသို့မလာကြပါ။ 
 12 ကျွန်တော်မျိုးအားသတ်ဖြတ်လိုသူတို့သည် ကျော့ကွင်းများကိုထောင်ကြပါ၏။ 
ကျွန်တော်မျိုးအားဥပဒ်ပြုလိုသူတို့သည် ခြိမ်းခြောက်ပြောဆိုကြပါ၏။ 
သူတို့သည်ကျွန်တော်မျိုးအားလုပ်ကြံရန် အစဉ်မပြတ်ကြံစည်လျက်နေကြပါ၏။ 
 13 ကျွန်တော်မျိုးသည်နားပင်းသူကဲ့သို့မကြား နိုင်ပါ။ ဆွံ့အသူကဲ့သို့စကားမပြောနိုင်ပါ။ 
 14 ကျွန်တော်မျိုးသည်နားမကြားသဖြင့် စကားပြန်မပြောနိုင်သူကဲ့သို့ဖြစ်ပါ၏။ 
 15 သို့ရာတွင် အို ထာဝရဘုရား၊ 
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုကိုးစားပါ၏။ 
သို့ဖြစ်၍ကျွန်တော်မျိုး၏အရှင်ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ 
လျှောက်ထားချက်ကိုနားညောင်းတော်မူမည်ဖြစ်ပါ၏။ 
 16 ကျွန်တော်မျိုး၏ဒုက္ခကိုအကြောင်းပြုကာ 
ရန်သူတို့သည်နှစ်ထောင်းအားရခွင့်ကို ပေးတော်မမူပါနှင့်။ 
သူတို့အားကျွန်တော်မျိုးပြိုလဲမှုကိုအကြောင်း ပြုကာ ကြွားဝါခွင့်ပေးတော်မမူပါနှင့်။ 
 17 ကျွန်တော်မျိုးသည်ပြိုလဲလုပါပြီ။ 
ဝေဒနာကိုအစဉ်ခံစားလျက်နေရပါ၏။ 
 18 ကျွန်တော်မျိုးသည်မိမိ၏အပြစ်များကို ဖော်ပြဝန်ခံပါ၏။ 
ယင်းအပြစ်များကြောင့်စိုးရိမ်ပူပန်ပါ၏။ 
 19 ကျွန်တော်မျိုး၏ရန်သူတို့သည်ကျန်းမာ သန်စွမ်းကြပါ၏။ 
အကြောင်းမဲ့ကျွန်တော်မျိုးအားမုန်းသူတို့သည် များပြားကြပါ၏။ 
 20 ကျွန်တော်မျိုးသည်မှန်ရာကိုပြုကျင့်ရန် ကြိုးစားသဖြင့် 
အကောင်းကိုအဆိုးအားဖြင့်ပြန်လည် ပေးဆပ်တတ်သူတို့သည် 
ကျွန်တော်မျိုးကိုဆန့်ကျင်ဘက်ပြုကြပါ၏။ 
 21 အို ထာဝရဘုရား၊ 
ကျွန်တော်မျိုးကိုစွန့်ပစ်တော်မမူပါနှင့်။ 
ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုးနှင့် ဝေးဝေးနေတော်မမူပါနှင့်။ 
 22 ကျွန်တော်မျိုးကိုကယ်တင်မူသောဘုရားရှင်၊ ယခုပင်ကျွန်တော်မျိုးကိုကူမတော်မူပါ။